ကရင်နီပြည်တွင် ရေရှားမှုဒဏ် ခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်။
ကရင်နီပြည်၏ နယ်မြေထက်ဝက်ကျော်၌ ရေရှားပါးသည့်ဒဏ်ကို ခံစားနေကြရသည်ဟု ကရင်နီပြည် ကြား ကာလ အုပ်ချုပ်ရေး ကောင်စီ IEC တာဝန်ရှိသူများက ပြောသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ ဒီးမော့ဆို-တောင်ငူကာလမ်း လမ်းဘေးဝဲယာရှိ ကျေးရွာများနှင့် ဖရူဆိုမြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ကျော်တွင် ရေးရှားပါးမှုကြောင့် အခက်အခဲများ ဖြစ်နေကြသည်။
IECအထွေထွေအတွင်းရေးမှုး ခူးပလုရယ် က “ကျနော်တို့ ကရင်နီပြည်မှာ ရေရှားပါးတဲ့ ပြဿနာက အခုမှ မဟုတ်ပါဘူး။ ဆောင်းအကုန် နွေအကူး နှစ်စဉ် နှစ် တိုင်း ဖေဖော်ဝါရီ လကုန်ပိုင်းကနေစပြီး ကရင်နီပြည်ရဲ့ တချို့သောဒေသတွေမှာ ရေစပြီးတော့ ပြတ်တဲ့ အခက် အခဲတွေကို ရင်ဆိုင်ရမြဲ ဖြစ်တယ်ပေါ့နော်၊ ကရင်နီ ပြည်ရဲ့ ၃ပုံ ပုံရင် နှစ်ပုံလောက်က ရေရှားတဲ့ အရပ် ဖြစ် တယ်ပေါ။ ဒါကြောင့် ကရင်နီပြည်ရဲ့ ၃ပုံ ပုံရင် နှစ်ပုံ လောက် ရေရှားပါးတဲ့ ဒဏ်တွေကိုတော့ အမြဲကြုံနေရ တယ်ဗျ” ဟု ပြောသည်။
စစ်ဘေးရှောင် တစ်သိန်းကျော်ခန့်ရှိနေသည့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ဒီးမော့ဆို – တောင်ငူ ကား လမ်း ဘေးဝဲယာရှိ ကျေးရွာများနှင့် ဖရူဆိုမြို့နယ်ထဲက ကျေးရွာပေါင်း ၄၀ ကျော်က ပြည်သူများနှင့် အဆိုပါ ဒေသထဲ ရောက်ရှိနေသည့် စစ်ရှောင် တစ်သောင်းခွဲတို့မှာ ရေရှားပါးမှုဒဏ်ကို ခံနေကြရသည်။
လက်ရှိ ရေရှားပါးမှုကြောင့် ဖရူဆိုမြို့၏ အနောက်ဘက်ခြမ်းတွင် ရှိသော တဖူဒီးကူ စစ်ဘေးရှောင်စခန်းမှ စစ် ရှောင်များသည် ရေအရင်းအမြစ်ရှိသော နေရာအထိ ကားများ၊ ထော်လာဂျီများဖြင့် ရေသွား သယ်ယူနေရသည် ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“အဓိက ဒီဘက်မှာကရေပေါ့ အခုက ဒီဘက်မှာ စစ်ရှောင်တွေက များလာတော့ ရေလည်း မရှိတော့ဘူးလေ။ ဥပမာကားရှိတဲ့သူ အဆင်ပြေတဲ့ သူဆိုရင် ဟိုးကွိုင်ငံအထိ သွားသယ်လို့ရတယ်ပေါ့။ အခုဟာက ကားလည်း မရှိဘူးကော၊ ထော်လာဂျီဆိုလည်း အနိုင်နိုင် ရှိတောင်မရှိဘူး။”
ရေသယ်ယူစရိတ် ကြီးသည့်အပြင် အသွားအပြန် ၁၂ မိုင်ခန့်ရှိသော ခရီးအား စစ်ရေးအခြေအနေ အန္တရာယ်များ ကြားမှ စွန့်စား သယ်ယူနေကြရသည်ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောသည်။
“အပြီးစီးဆိုရင်တော့ နှစ်သိန်းဝန်းကျင်လောက် ရှိမယ်ထင်တယ် တစ်ခေါက်သယ်ဖို့ပေါ့။ သွားသယ်တော့ စစ် ကြောင်းတို့ ဘာတို့မထိုးရင်တော့ လုံခြုံမှုရှိတယ်။ ဥပမာ တစ်ခုခုဖြစ်ရင်တော့ သွားဖို့က အဆင်မပြေဘူးပေါ့ အဓိက အခြေအနေပေါ့ စစ်ရေးပေါ့”
စိန်ခေါ်မှု အမျိုးမျိုးကြားမှ သယ်ယူရရှိလာသော ရေများကို သောက်သုံးရန်နှင့် ချက်ပြုတ်ချိန်တွင်သာ အသုံးပြု ကြသည်။ အိမ်ခြေ ၃၄ အိမ်၊ လူဦးရေ စုစုပေါင်း ၁၁၈ ဦးရှိသော အဆိုပါစစ်ရှောင်စခန်းအတွက် ဂါလံ ၂၀၀၀ ခန့် ရှိသော ရေကားတစ်စီးကို တစ်ပတ်ခန့်သာ အသုံးခံသည်ဟု ပြောသည်။
တဖူးဒီးကူ စစ်ရှောင်စခန်းသို့ NGO အဖွဲ့အစည်းနှစ်ခုမှ ရေနှစ်ကြိမ်သာ လာရောက်လှူဒါန်းပေးခဲ့ဖူးသည်။
ကရင်နီစစ်ရှောင်များနှင့် ပြည်သူများ ကြုံနေရသည့် လက်ရှိ ရေရှားပါးမှုအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက်
ကရင်နီပြည် ကြားကာလအုပ် ချုပ်ရေးကောင်စီ IEC စီစဉ် ဆောင်ရွက်နေသည်ဟု ခူးပလုရယ်က ဆက် ပြော သည်။
“ရေလိုအပ်တဲ့ စစ်ရှောင်တွေ ကျေးရွာတွေကို ရေထောက်ပံ့ဖို့ စီစဉ်ထားတာရှိတယ်။ အဲ့ဒီထဲမှာမှ ပိုလိုအပ်ချက် ရှိတယ်လို့ ပြောလာရင် ဥပမာ စက်သုံးဆီပေါ့လေ ဒီဇယ်တို့ ဓာတ်ဆီတို့ လိုလာတယ်ဆိုရင်တော့ လိုအပ်ချက်ရှိ ခဲ့ရင် IEC လူသားချင်း စာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ထပ်ပြီးတော့ ဖြည့်စွက်ပြီးတော့ ဒီအပိုင်းမှာ ကူညီထောက်ပံ့ပေးမယ်ဆိုတာကိုလည်း ပြောဆိုညှိနှိုင်းထားပြီး ဖြစ်ပါတယ်ပေါ့။”
အလားတူ ရေရှားပါးမှုဒဏ်ကို အဓိကကြုံနေရသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများ သာမက ကျေးရွာများအတွက်ပါ နွေရာသီတစ်ခုလုံး ရေရရှိရန် ကူညီဆောင်ရွက်သွားမည်ဟု ခူးပလုရယ်က ပြော သည်။
ထို့အပြင် ရေသယ်ကားများနှင့် စစ်ကောင်စီထံမှ သိမ်းယူရရှိထားသည့် မီးသတ်ကားများကိုလည်း ရေသယ်ရာ တွင် အခမဲ့အသုံးပြုနိုင်ရန် IEC က စီစဉ်ပေးနေသည့်အပြင် ရေသယ်ကားများအတွက် လိုအပ်သည့် စက်သုံးဆီ များ ရရှိနိုင်ရေးကိုလည်း ကရင်နီလူမှုကူညီရေးအသင်း (Karenni Humanitarian Team-KHT) အလှူရှင်များ ရှာပေးနေသည်ဟု ဆိုသည်။
KHT တာဝန်ရှိသူတစ်ဦးက “အလှုရှင် အလှုငွေရှိရင်တော့ ကျနော်တို့ လည်ပတ်လို့ ရတယ်ပေါ့နော်၊ အလှူရှင် အလှူငွေတွေကလည်း အရင်လို မများတော့ဘူးလေ။ နည်းပါးလာတော့ ကျနော်တို့ KHT မှာလည်း ရေသယ်ဖို့ ကားကလည်းမရှိတော့ အလှုရှင် မျှော်ပြီးတော့မှပဲ သွားလှူနေရတယ်ပေါ့။ အဓိက လိုအပ်တာတော့ ရေသယ်တဲ့ ကားပေါ့” ဟု ပြောသည်။
လက်ရှိတွင် ရေအခက်အခဲဖြစ်နေသော ကျေးရွာများနှင့် စစ်ရှောင်စခန်းများအတွက် အလှူရှင်အများစုမှာ နိုင်ငံ ခြားမှ စေတနာရှင်များက ပါဝင်ကူညီလှူဒါန်းပေးနေကြသည်ဟု ကရင်နီလူမှုကူညီရေးအသင်း KHT တာဝန်ရှိသူ က ပြောသည်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမှီ ယခင် NLD အစိုးရလက်ထက်တွင် ကရင်နီပြည်အတွင်းက ရေရှားပါးသော ဒေသများဖြစ်သည့် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ် အစွန်အဖျားရှိ ကျေးရွာများတွင် ရေ ပေးဝေနိုင်ရန် ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ် အတွင်း ငွေကျပ်ပေါင်း ၃ ဘီလီယံ အသုံးပြုပြီး ဖြေရှင်းနိုင်ရန် စီစဉ်ခဲ့ ဖူးသည်။