မလွှဲတောင်စစ်ဆေးရေးဂိတ်နှင့် မင်းသားရွာစစ်ကောင်စီတပ်စခန်း တစ်ချိန်တည်း တိုက်ခိုက်ခံရ
သတင်းနှင့်မီဒီယာကွန်ရက်။
၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်။
တနင်္သာရီတိုင်းအဝင် မလွှဲတောင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် ရေဖြူမြို့နယ် မင်းသားကျေးရွာတွင် တပ်စွဲ ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တချိန်တည်း တိုက်ခိုက်ခဲ့သည်ဟု တနင်္သာရီ – မွန် ပြည်သူ့ကာကွယ် ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
မတ်လ ၂၃ ရက်နေ့၊ နံနက် ၆ နာရီခန့်က မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မင်းသားကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့်နေရာကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။
ရေး-ထားဝယ် ကားလမ်းပေါ်တွင်ရှိသည့် မလွှဲတောင် စစ်ဆေးရေးဂိတ်စခန်းကို ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံး သီး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူ ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ပြော သည်။
မလွှဲတောင်ဂိတ် တိုက်ခိုက်ခံရပြီးနောက် ကလိန်အောင် နှင့် လမ်းတစ်လျောက်ရှိ ကျေးရွာများဖြစ်သည့် အလယ် စခန်း၊ ကျောက်ကုတင်၊ လော့သိုင်းနှင့် ရားဖူးကျေးရွာများဘက်တွင်လည်း ပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရသည်ဟု ရွာသားများက ဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ချလိုက်ခြင်း ကြောင့် ရန်ကုန်-ထားဝယ် အတက်အဆင်း ခရီးသည်ယာဉ်များ ပိတ်မိနေခဲ့သည်ဟု ခရီးသည်တင် ယာဥ်မောင်း တစ်ဦးက ပြောသည်။
မောရဝတီ ရေတပ်စခန်းဌာနချုပ်ကို လုံခြုံရေးယူပေးနေသည့် မင်းသားကျေးရွာ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာတွင် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု မွန်ပြည်တော်လှန်ရေးတပ် MSRF ၏ ပြော ခွင့်ရှိ သူက ဆိုသည်။
“မင်းသားရွာစခန်းကို မနက် ၇နာရီခန့်မှာ အပြီးအပိုင် သိမ်းဆည်းနိုင်ခဲ့တယ်၊ စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ သေးတယ်။ စခန်းထဲမှာ စစ်ကောင်စီနဲ့ ပျူစောထီး ၇၀ လောက် ရှိတယ်။”
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးခဲ့ကာ ကျန်တပ်ဖွဲ့ဝင်များ မောရဝတီ ရေတပ်စခန်းဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
စခန်းကို သိမ်းပိုက်ပြီးချိန်တွင် မောရဝတီ ရေတပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပြီး တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့သူ ၂ ဦး ရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
စစ်ဆင်ရေး နှစ်ခုလုံး တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် YGF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ဒေါနတပ်ခွဲ (၃)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ DDT၊ ဒေါနတပ်ခွဲ (၇)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – KBDF၊ ဒေါနတပ်ခွဲ (၄)၊ ဝေဟင်ဒေါနတပ်ခွဲ (၆)၊ ရေး သိမ်းငှက်တပ်ဖွဲ့၊ Ye Defense Force YDF၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း (၁)၊ Ye Air Force YAF၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် – ထားဝယ်ခရိုင်တပ်ရင်း (၁) တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ကလည်း မွန်အမျိုးသားနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တနင်္သာရီ- မွန် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးများကြဲချ တိုက်ခိုက်ခဲ့ကြသေး သည်။