လောင်းလုံးတွင် အိမ်မွေးတိရိစ္ဆာန်တချို့ မိုင်းနင်းမိပြီး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်။

စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိပြီး လောင်းလုံးမြို့နယ် အတွင်းရှိ အိမ်မွေးတိရစ္ဆာန်များ သေဆုံးမှုများ ရှိလာသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်မှ ထောင်ထားသည့် မြေမြုပ်မိုင်းများ နင်းမိပြီး လောင်းလုံးမြို့တွင် ဧပြီလ နောက်ဆုံးပတ် အ တွင်း အိမ်မွေးတိရစ္ဆာန်များ မိုင်းနင်းမိခဲ့သည့် ဖြစ်စဥ် နှစ်ခုရှိခဲ့သည်။

အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက မြို့ပေါ်လိုနေရာမှာ ဟိုနေရာ ဒီနေရာ လိုက်ထောင်ထားတာ ဆိုတော့ ကလေးတွေကို ပိုပြီးစိတ်ပူနေရတယ် အခုထိတဲ့ တိရိစ္ဆာန်နေရာမှာ လူသာဆိုရင် မတွေးဝံ့စရာကြီး ပါဟု ပြောသည်။

လောင်းလုံးမြို့မှ ပြင်းထိန်ကျေးရွာ ဘက်သို့ သွားသည့် လမ်းဘေးက နေအိမ်များအနီး ဧပြီလ ၂၃ ရက်နေ့ ညပိုင်း က အိမ်မွေး ခွေးတစ်ကောင် မိုင်းနင်းမိပြီး သေဆုံးခဲ့သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။

ထို့အပြင် ဧပြီလ ၂၈ ရက်‌နေ့ ညပိုင်းကလည်း မြို့ပေါ်က (က) ရပ်ကွက်၊ ထိန်သစ်လမ်းမှ မြေကွက်လပ်တစ်ခုထဲ တွင် ရွာသားတစ်ဦး မွေးမြူထားသည့် နွားတစ်ကောင် မိုင်းနင်းမိပြီး သေဆုံးခဲ့သေးသည်။

မြို့ခံများက မြေမြုပ်မိုင်းများကြား၌ သတိနှင့် သွားလာနေထိုင်နေရကြောင်း အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

လောင်းလုံးမြို့ပေါ်တွင် မြေမြုပ်မိုင်း နင်းမိပြီး ပေါက်ကွဲခဲ့သည့် ဖြစ်စဥ်များ ယခုနှစ် ပထမသုံးလအတွင်း နှစ်ကြိမ် မိုင်းပေါက်ကွဲခဲ့သည်ဟု ဆိုကြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ် အခြေစိုက်သည့် နေရာများ တိုက်ခိုက်ခံရပြီး နောက်ပိုင်း ထွေအုပ်ရုံး အနောက်ဘက်မှ ချောင်းရိုးတလျှောက်၊ စရဖရုံး အနီးတဝိုက်က တံတား၊ ရေမြောင်းများ၊ မြို့မရဲစခန်းတဝိုက်၊ မြို့ထဲအဝင် လမ်းနဘေးနေရာများအပြင် မြို့ပေါ် လူနေအိမ်များ အကြား၌ပါ မိုင်းများ လိုက် လံထောင်ထားသည်ကို တွေ့ခဲ့ရကြောင်း မြို့ခံများက ဆိုသည်။

သို့သော် လောင်းလုံးမြို့နယ်အတွင်း မြေမြုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှုမျိုး မရှိသေးကြောင်း ဆိုကြသည်။

လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ် အခြေစိုက်သည့် နေရာများ မကြာခဏ တိုက်ခိုက်ခံနေရပြီး ဧပြီလ ၂၄ ရက်နေ့ကလည်း ရဲစခန်းအရှေ့မှ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်က သွားရာက် ပစ်ခတ်ခဲ့သေး သည်။

တနင်္သာရီတိုင်း တစ်ခုလုံးတွင် ၂၀၂၄ ခုနှစ် အစမှ ဧပြီလကုန်အထိ လေးလအတွင်း မိုင်းနင်းမိပြီး သေဆုံးသူ ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦး ထက်မနည်းရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က တနင်္သာရီတိုင်း အပါအဝင် မြန်မာတစ်နိုင်ငံလုံးတွင် မြေမြုပ်မိုင်း အန္တရာယ်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံးခဲ့ပြီး ၈၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယူနီဆက်ဖ်မြန်မာက ထုတ်ပြန်ထား သည်။