အင်းစိန်ထောင်အတွင်း ဝမ်းလျောဝမ်းပျက်ရောဂါ တစ်လ နီးပါးကြာသည်အထိ ဆက်ဖြစ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။
အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းသားများအကြားတွင် ဝမ်းပျက်ဝမ်းလျောရောဂါများ ကူးစက်ပြန့်ပွား နေသည်မှာ တစ်လ နီးပါး ရှိသွားပြီဟု ထောင်တွင်း သတင်းအရင်းအမြစ်များက ပြော သည်။
ဤသို့ ဝမ်းပျက်ဝမ်းလျော ရောဂါ ကူးစက်ပြန့်ပွားနေခြင်းမှာ အင်းစိန်အကျဉ်းထောင်တွင် ဇူလိုင်လ ၃ ရက်နေ့က အကျဉ်းသားများအတွက် ထမင်းသိုး၊ ဟင်းသိုးများကျွေးခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု အကျဉ်းသားများအကြား သံသယ ရှိနေကြသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “မဖြစ်မနေ ဖိအားပေးပြီးတော့ စားသောက်ခိုင်းတာပေါ့နော်။ ထောင်ကကျွေးတဲ့နေမှာ ထောင်ကျွေးတဲ့ဟာပဲ စားသောက်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွေးမွေးခဲ့တာ ဖြစ်တယ်ဗျာ။ အဲဒီနေ့ကတော့ ငြင်းဆန်ခွင့်မရှိဘူး။ အိမ်က ပို့ပေးတဲ့ ထမင်းဟင်း ဘာညာ စားသောက်ခွင့် မရှိဘူး။ ထောင်ကကျွေးတဲ့ဟာပဲ စားရတာက ရာခိုင်နှုန်း အများ စုပေါ့နော်” ဟု ပြောသည်။
ထိုနေ့တွင် ထောင်မှ ကျွေးမွေးသည့် ပဲဟင်းနှင့် ကြက်သားဟင်းမှာ သိုးနှံ့ထွက်နေသည်ဟု အကျဉ်းသားများက ရှင်းပြခဲ့သော်လည်း အကျဉ်းဦးစီးဌာန ဝန်ထမ်းများက လက်ခံမှုမရှိသည့်အပြင် မစားသည့် အကျဉ်းသားများ အား ရိုက်နှက် အပြစ်ပေးခြင်းများ ကျူးလွန်ခဲ့သေးသည်ဟုလည်း ဆိုသည်။
PPNM မှ ကိုသိုက်ထွန်းဦးက တော့ အကျဉ်းထောင်အတွင်း ကျွေးမွေးသော အစားအသောက်များကြောင့် ဝမ်းပျက်ဝမ်းလျော ရောဂါများ စတင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်ထားသည်။
“အကျဉ်းထောင်က ကျွေးတဲ့ အစားအသောက်မှာ အများကြီး မူတည်တယ်။ အဲဒီ မတိုင်ခင် ထောင်က ကျွေးတဲ့ အစားအသောက်တွေက အကျဉ်းသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးမှ အာဟာရ အပြည့်အဝ ရရှိတာ ရှားတယ်။ နေ့စဉ်ရက်ဆက်ကြီး မကောင်းတာ ကျွေးတာ မဟုတ်ပေမယ့် မကြာခဏ ဟင်း တွေက မသန့်သာ၊ မလတ်ဆတ်တာတွေကို စားသောက်ကြရတယ်။ ဒါတွေဟာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ် ပွားစေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
အင်းစိန်ထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားများအား နှိပ်ကွပ် ဖိနှိပ်လိုသည့်အချိန်များတွင်လည်း ရိုက်နှက် နှိပ်စက်မှု၊ တိုက်ပိတ်မှု၊ ထောင်ဝင်စာပိတ်ခြင်း တို့ကို လုပ်သည့်အပြင် ထိုသို့ ထမင်းသိုး၊ ဟင်သိုးများ ကျွေးခြင်း၊ အာဟာရပြည့်ဝမှု မရှိသည့် အစားအသောက်များကိုသာ နေ့စဉ်ရက်ဆက်ကျွေးခြင်းများ လုပ်လေ့ရှိသည်ဟု နိုင်ကျဉ်းဟောင်းများက ပြောသည်။
သို့သော် ယခုအခေါက် ထမင်းသိုး၊ ဟင်းသိုးများ ကျွေးခဲ့သည့်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မွေးနေ့ (ဇူလိုင်လ ၃ ရက်နေ့) က ဖြစ်သည်။ ထိုနေ့က အင်းစိန်ထောင်ထဲမှ အကျဉ်းသားများ ကို စစ်ခေါင်းဆောင်၏ မွေးနေ့ပွဲအတွက် အစားအသောက်များ လှူဒါန်းကျွေးမွေးခြင်းများ လုပ်ခဲ့သည်ဟု ထောင် တွင်း သတင်းအရင်းအမြစ်က ဆိုသည်။
ဇူလိုင် လဆန်းပိုင်းက စတင်ဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှော ရောဂါ မှာ နေ့စဉ် ၅ ဦးနှင့် ၁၀ ဦးကြား ကူးစက်ပျံ့ပွားနေသည်ဟု ထောင်နှင့် နီးစပ်သူများက ပြော သည်။
ဇူလိုင်လအတွင်း ကူးစက်ခံနေရသူ အယောက် ၁၅၀ ဝန်းကျင်ခန့် အထိရှိခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့အထိ ဝမ်းရောဂါကူးစက်ခံရ၍ အရှင်းမပျောက်သေးသူ အယောက် ၃၀ ကျော်ခန့် ကျန်နေသေးသည်ဟု ဆိုသည်။
သို့သော် ယခု ဝမ်းလျောဝမ်းပျက် ရောဂါ ကူးစက်မှုမှာ ဇူလိုင် ၃ ရက်က ကျွေးသော အစားအစာကြောင့် ဟုတ်မဟုတ်ကို သတင်းနှင့် မီဒီယာ ကွန်ရက်မှ သီးသန့် အတည်မပြုနိုင်ပါ။
ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးဆက်ခံရသူများကိုလည်း အကျဉ်းဦးစီးဌာနက ဆေးကုသခွင့် မပေးဟု ဆိုသည်။
PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ကျနော်တို့ အကျဉ်းထောင်တွေဟာ နိုင်ကျဉ်းတွေအပေါ်မှာ ပေါ့နော်၊ အထူးသဖြင့် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ကျဉ်းတွေအပေါ်မှာ လုံလောက်သော အစား အသောက် ထောက်ပံ့နိုင်ခြင်း မရှိဘူးပေါ့နော်။ ဒီလို အခြေအနေမျိုးမှာ မိသားစုဝင်တွေက ပို့တဲ့ ထောင်ဝင်စာ ကိုပါ ကန့်သတ်ခြင်းဟာ ကျန်တဲ့ အကျဉ်းသားတွေကို တစ်ဖက်လှည့်နဲ့ ကိုယ်ခံအားတွေ ကျဆင်းပြီးမှ သေဆုံး အောင်လို့ လုပ်နေခြင်းဖြစ်တယ်” ဟု ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်အား အကျဉ်းဦးစီးဌာန ဝန်ထမ်းများက မူ ဝမ်းပျက်ဝမ်းလျော ရောဂါ ဖြစ်ပွားရခြင်းသည် အကျဉ်းသား မိသားစုဝင် များမှ ထောင်ဝင်စာပို့သည့် အစားအသောက်များကြောင့် ဟု စွပ်စွဲထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကလည်း ထောင်တွင်းဆူပူမှု ဖြစ်သည်ဟုဆိုကာ အင်းစိန်အကျဉ်းထောင်မှ နိုင်ငံ ရေး အကျဉ်းသား အယောက် ၂၆၀ အား ဒိုက်ဦးနှင့် သာယာဝတီ အကျဉ်းထောင်များသို့ ပြောင်းရွှေ့ခဲ့သေးသည်။