မြန်မာအရေး တရုတ် အကဲဖြတ်မှု မှားယွင်းနေကြောင်း KNDF ခေါင်းဆောင်ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၈ ရက်။
တရုတ် အစိုးရသည် မြန်မာပြည်အရေးနှင့် ပတ်သက်၍ မှားယွင်း အကဲဖြတ်မှုများ ရှိနေပြီး ယင်းအမှားများ အပေါ် အခြေခံ၍ လုပ်ဆောင်နေသည်ဟု ကရင်နီ တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက သုံးသပ်ပြောဆို လိုက်သည်။
တရုတ်အစိုးရသည် ရှမ်းမြောက် အပါအဝင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်စဉ်များကို မှားယွင်းစွာ အကဲဖြတ်နေပြီး ပြည်သူလူထု၏ ဆန္ဒနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အမြင်များကို လျစ်လျူရှုကာ စစ်ကောင်စီ ဘက်မှ ရပ်တည်နေသည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို အိမ်နီးချင်း တရုတ်နိုင်ငံတို့ကတော့ မှန်ကန်တဲ့ အမြင် မရှိဘူးလို့တော့ သုံးသပ်တာပေါ့။ လူထုတွေရဲ့ သဘောထားပေါ့နော် ပြီးတော့ အင်အားစု အသီးသီးရဲ့ သဘော ထားတွေကို လစ်လျူရှုပြီးမှ အစစအရာရာ မြန်မာနိုင်ငံ တည်ငြိမ်ဖို့ အတွက်ကတော့ စစ်ကောင်စီရှိမှ ရမယ် စစ်ကောင်စီ ဖိနှိပ်နေတာတွေ အားလုံးကတော့ တရားမျှတတယ်ဆိုတဲ့ အမြင်မျိုးနဲ့ပေါ့နော် တရုတ်က စစ်ကောင်စီဖက် ကာပေးနေတဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့နော်။ ဒါက မှားယွင်းတဲ့ လုပ်ငန်းစဉ် ဖြစ်တယ် လို့ ကျနော့် အနေနဲ့ကတော့ မြင်တယ်ပေါ့နော်။”
တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီး လားရှိုးမြို့မှ ကိုးကန့်တပ် (MNDAA) ပြန်လည် ဆုတ်ခွာရခြင်း နောက်ကွယ်တွင်လည်း တရုတ်နိုင်ငံ၏ နိုင်ငံရေး ဖိအားများ ပါဝင်နေကြောင်း ခွန်းဘီထူးက ဆက်ပြောသည်။
“အားလုံး သုံးသပ်သလို အားလုံးပြောနေသလိုပဲ တရုတ်ရဲ့ ဖိအားပေးမှုကြောင့်မို့လို့ အခုလိုမျိုး လက်လွတ်လိုက် ရတယ်။ နောက် ဒီခွင့်ပြုလိုက်ရတဲ့ဟာမျိုး ရှိနေတယ်။”
လားရှိုးမြို့မှ ဆုတ်ခွာလိုက်ရသည့် အပေါ်တွင်လည်း ကိုးကန့်တပ် အပေါ် အပြစ်မမြင်ဘဲ မဟာမိတ်အဖြစ် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
ခွန်းဘီထူးက “KNDFအနေနဲ့ ကိုးကန့် MNDAA တို့ရဲ့ လုပ်ရပ်ပေါ်မှာ အပြစ်မမြင်ဘူး။ နောက်ပြီးမှ မဟာမိတ် အနေနဲ့လည်း အမြဲတမ်းမြင်တယ်။ နိုင်ငံအတွက် မိတ်ဖက်အဖွဲ့အနေနဲ့လည်း အမြဲတမ်း မြင်တယ်။ အမြဲတမ်း လည်း အားကိုးတယ်။ ပြီးတော့ တစ်နိုင်ငံလုံး ကိစ္စရပ်တွေမှာလည်းပဲ ကိုးကန့်တွေဖက်က ဆက်ပြီးတော့မှ ပါဝင်မယ်လို့တော့ ကျနော့်အနေနဲ့ ယုံကြည်တယ်ပေါ့နော်” ဟု ပြောသည်။
MNDAA သည် ‘၁၀၂၇ စစ်ဆင်ရေး’ ကာလအတွင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် စစ်ကောင်စီ၏ အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ယခုအခါ တရုတ်၏ ဖိအားများ ကြောင့် မြို့ပေါ်မှ ဆုတ်ခွာရန် သဘောတူညီထားသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ဆိုသည်။
သို့သော် လားရှိုးမြို့ပြင် ပတ်ပတ်လည်ရှိ ကျေးရွာများတွင် MNDAA ၏ တပ်စွဲမှုများ ဆက်လက်ရှိနေဦးမည်ဟု ဆိုသည်။
လားရှိုးမြို့အား ပြန်လည်ရယူရန် စစ်ကောင်စီက စီစဉ်နေသော်လည်း၊ MNDAA၊ စစ်ကောင်စီနှင့် တရုတ်အစိုးရ တို့ဘက်မှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
လားရှိုးမြို့သိမ်းပိုက်ရရှိရေး ကိုးကန့်တပ်နှင့်အတူ KNDF အပြင် အခြားသော မဟာမိတ်တပ်ဖွဲ့ဝင်များ ပူပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။