ဝါရှင်တန် စစ်ရှောင်စခန်း အရေးပေါ် အကူအညီလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်။ 

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ဝါရှင်တန် စစ်‌ဘေးရှောင် စခန်းအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင် ကော်မတီ တာဝန်ရှိသူက ပြောသည်။

ဝါရှင်တန်စစ်ဘေးရှောင်စခန်းတွင်၂၀၂၅ ဇန်နဝါရီလမှ ဇွန်လအထိ အလှူရှင်များ ရောက်လာခြင်း မရှိသည့် အတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု စစ်ရှောင်ကော်မတီထံမှ သိရသည်။ 

စစ်ဘေးရှောင် ကော်မတီ တာဝန်ရှိသူက ဒီနှစ်၂၀၂၅မှာပေါ့နော် အလှူရှင်တွေကတစ်ခါမှ ဝါရှင်တန်ထဲ မရောက် တဲ့ အခါကြတော့ စစ်ရှောင်တွေ တော်တော် ဒုက္ခရောက်တယ်။ အခုက ကုန်ဈေးနှုန်းတွေတက်ပြီး စစ်ရှောင် တွေက အရမ်းဒုက္ခရောက်တယ်။ အစားအသောက်တွေ အရမ်း လိုအပ်နေတာပေါ့နော်။ မိုးကာ မိုးယိုတာက တစ်ဖက်၊ အစားအသောက် အဆင်မပြေတာ တစ်ဖက် စိတ်ဓာတ်တော့ တော်တော်ကျတာ အများကြီးရှိတယ်” ဟု ပြောသည်။

ဝါရှင်တန် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၁၅ စု၊ လူဦးရေ ၄၇၆ ဦးရှိပြီး လွိုင်ကော်မြို့နယ်တွင်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်လာကြသူများဖြစ်သည်ဟု စစ်ရှောင်ကော်မတီ တာဝန်ရှိသူက ပြောသည်။

၎င်းကဒီစစ်ရှောင်က အများအားဖြင့် တစ်လေးလုံးတုန်းက အဖွဲ့က ပိုများတယ်။ အများစုက လွိုင်ကော်ဘက် က ဒေါဥခူ၊ မှိုင်းလုံး၊ ထူဒူငံသ၊ ဘန်ကောက် အဲ့တစ်ကြောက ပေါ့နော်” ဟုပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် အခြေခံ စားနပ်ရိက္ခာများနှင့် မိုးကာများလည်း အရေးပေါ် လိုအပ်နေသည် ဟု ဆိုသည်။

ကရင်နီပြည်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့်အတူ စစ်ကောင်စီတပ်၏ စစ်ကြောင်း ထိုးနေမှုများကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စက်သုံးဆီ အပါအဝင် အခြားကုန်ပစ္စည်းများ တင်သွင်းရန် ခက်ခဲ နေကြသည်။

ထို့ကြောင့် ဒေသတွင်း စက်သုံးဆီ ပြတ်လပ်မှုနှင့်အတူ ကုန်ဈေးနှုန်းများ စျေးနှုန်းမြင့်တက်သည့်အတွက်  စစ်ဘေးရှောင်များ အခက်အခဲ ကြုံနေကြရသည်။

ဓါတ်ပုံ – Karenni Humanitarian Team-KHT