ပလက်ဝ သည် ချင်းပြည်နယ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင်များက လက်ခံထားသည်ဟု ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်။
ပလက်ဝမြို့နယ်မှာ ချင်းပြည်ထဲက မြို့နယ်၊ ချင်းပြည်၏ အစိတ်အပိုင်း ဖြစ်သည်ဟု ချင်းညီနောင် အဖွဲ့ဝင် အားလုံးက လက်ခံထားသည်ဟု ပြောဆိုလိုက်သည်။
အာရက္ခတပ်တော် ULA/AA က သိမ်းပိုက်ထိန်းချုပ်ထားသော ပလက်ဝမြို့နယ်မှာ ချင်းပြည်၏ အစိတ်အပိုင်း ဖြစ်ကြောင်း အားလုံးက တညီတညွတ်ထဲ လက်ခံထားသည်ဟု ချင်းညီနောင်အဖွဲ့ – CB က ပြောရေးဆိုခွင့်ရှိသူ များ ပြောသည်။
ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန် “ပလက်ဝသည် ချင်းပြည်ဆိုတာကို ချင်းညီနောင်အဖွဲ့ အားလုံးက တညီတညွတ်တည်း ယုံကြည်လက်ခံကြတယ် ဆိုတာ ပြောလိုပါတယ်။ ဒါက ညီနောင်တင်မက တစ်နိုင်ငံလုံးကသိကြပါတယ်” ဟု ပြောသည်။
ဆလိုင်းယောမန်က သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုအပေါ် ဇွန်လ ၁၈ ရက်က ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် ULA/AA က ရခိုင်ပြည်၏ ခရိုင်တစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ထို့အပြင် ရခိုင်ပြည် အခြေစိုက် မီဒီယာတစ်ခုတွင် ပလက်ဝကို ရခိုင်ပြည်၏ အမှတ် (၈) ခရိုင်အဖြစ် သတ်မှတ်လိုက်ကြောင်း ဇွန်လ ၁၂ ရက်နေ့က သတင်းဖော်ပြခဲ့ပြီးနောက် ချင်းအဖွဲ့အစည်းများနှင့် ချင်းလူထုအကြား ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့သည်။
ပလက်ဝခရိုင်ကို ရခိုင်ပြည်အတွင်း ထည့်သွင်းဖွဲ့စည်းမှုနှင့် ပတ်သက်၍ ULA/AA ကတော့ တရားဝင် ထုတ်ပြန် လာခြင်းမျိုး မရှိသေးပေ။
အလားတူ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင်ကလည်း ပလက်ဝမြို့နယ်သည် ချင်းပြည်ထဲက ဖြစ်ကြောင်း မီဒီယာနှင့် တွေ့ဆုံမေးမြန်းချိန်က ဖြေကြားထားပြီး ဖြစ်သည်ဟု ဆလိုင်းယောမာန်က ပြောသည်။
အာရက္ခတပ်တော် ULA/AA က အိမ်နီးချင်းကောင်း ထက်ပိုသည့် ရဲဘော်ရဲဘက်များ ဖြစ်သည်ဟု ဆလိုင်း ယောမာန်က ဆိုသည်။
တော်လှန်ရေးကာလတွင် နိုင်ငံရေး အမြတ်ထုတ်ချင်သော သဘောနှင့် လူမျိုးရေးမုန်းတီးရေး ပြောဆိုမှုများ ရှိနေသော ကြောင့် အားလုံး သတိထားကြဖို့ လိုသည်ဟုလည်း ဆလိုင်းယောမာန်က သတိပေးပြောဆိုထားသည်။
လက်ရှိ အခြေအနေအရ စစ်ကောင်စီကို တိုက်ခိုက်ရေးကသာ အဓိက အလေးထား ဆောင်ရွက်ရမည့် အချိန် ဖြစ်သည်ဟု ဆလိုင်းယောမာန်က ဆက်ပြောသည်။
“ကျနော်တို့ ဒီအခြေအနေဟာ စစ်ကောင်စီ ပြုတ်ကျရေးကို အလေးထားရမယ့် အချိန် ဆိုတာကို အားလုံး ပြန် အမှတ်ရဖို့လိုတယ်။ စစ်ကောင်စီ ပြုတ်ကျမသွားဘူးဆိုရင် မည်သည့် ထိန်းချုပ်နယ်မြေမဆို အလဟသတ်ပဲ။”
ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း AA ၏ ပလက်ဝဒေသအပေါ် ထိန်းချုပ်မှုကို ဒေသတည်ငြိမ်ရေးအတွက် ယာယီတာဝန်ယူမှု အဖြစ် လက်ခံသည်ဟု ဆိုသည်။
အဆိုပါ အချက်မှာ ပလက်ဝဒေသ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အဆုံးအဖြတ်ပေးခြင်း မဟုတ်ဘူးဟု မီဒီယာများအား မကြာခဏ ပြောဆိုလေ့ရှိသည်။
ပလက်ဝမြို့နယ်က ရခိုင်ပြည်နှင့် နယ်မြေထိစပ်နေပြီး အိန္ဒိယ-မြန်မာ ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူ ပို့ဆောင်ရေး စီမံကိန်းလမ်းကြောင်းပေါ်တွင် ရှိခြင်း ဖြစ်သည်။
အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်ကို စစ်ကောင်စီလက်ကနေ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကိစ္စရပ်များကို ဆောင်ရွက်နေခြင်း ဖြစ်သည်။