ဝက်လက်မြို့နယ်တွင် ကျေးရွာများကို ဗုံးကြဲ၊ အရပ်သား ၂၀ ခန့်သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ဧရာဝတီမြစ်ဘေးရှိ ကျေးရွာ ၃ ရွာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ခံရ သဖြင့် အရပ်သား ၂၀ ဦး သေဆုံးခဲ့သည်ဟု မြစ်ကြောင်း အခြေအနေအား စောင့်ကြည့်နေသည့်အဖွဲ့များက ပြော သည်။

တံတားဦးမှ တက်လာသော Y12 လေယာဥ်ဖြင့် ဧရာဝတီမြစ်ဘေးရှိ ရှားကွဲ၊ ငါဘတ်ချောင်း နှင့် ရေလည်မော် ကျေးရွာတို့ကို ဇူလိုင်လ ၁၇ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင် အချိန်တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရှားကွဲကျေးရွာမှ ၈ ဦး၊ ငါးဘတ်ချောင်းကျေးရွာမှ ၁၂ ဦးနှင့် ရေလည်မော်ကျေးရွာမှ ပကဖ ရဲဘော် တစ်ဦးတို့ လေကြောင်း တိုက်ခိုက်ခံရမှုထဲ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အယောက် ၂၀ ကျော်ရှိသည်ဟု Wetlet Informational Network က အတည်ပြုပြောဆိုသည်။

Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက သင်္ဘောတွေကို လာဝန်းရံပေးရင်းနဲ့မှ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာက ခန့်မှန်းပြည်သူ ၂၀ သေဆုံးပြီးတော့မှ ပကဖ ရဲဘော်တစ်ဦး ကျတယ်ဗျ။ သူက မထင်ထားကြဘူး သင်္ဘောလမ်းကြောင်းက ရေလည်မော်ရွာကနေ အထက်ကို ဆန်တက်ရမှာဗျ။ ငဘတ်ချောင်း တို့ ရှားကွဲရွာတို့က သင်္ဘောတွေ မဝင်နိုင်တဲ့ ဒေသတွေဆိုတော့ မလာလောက်ဘူးထင်တာ ဟု ပြောသည်။

ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ရှိန်းမကားကျေးရွာ ဆိပ်ကမ်းမှ စစ်သင်္ဘောများ ဆန်တက် ချိန်၌ လေကြောင်းမှ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရေလည်မှော်ကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်ဘေးတစ်လျှောက် ပြင်းထန်နေသည့် တိုက်ပွဲများအတွင်း စစ်အင်အား ဖြည့်တင်းရန်အတွက် မြစ်ရေတက်ခြင်းကို အခွင့်ကောင်းယူကာ စစ်အင်အားများ ဖြည့်တင်းလေ့ရှိသည်။

ယမန်နှစ်ကလည်း ဧရာဝတီမြစ်ကြောင်း အတိုင်း စစ်သင်္ဘောများ အသုံးပြုပြီး မန္တလေးတိုင်းမှ အထက်ဘက် ကချင်ပြည်၊ ဗန်းမော်မြို့အထိ စစ်လက်နက် ရိက္ခာနှင့် ဆေးဝါးများ ဖြည့်တင်းခဲ့သည်။

ယခုကဲ့သို့ ရေကြောင်းအား အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းချိန်တွင် ဧရာဝတီ မြစ်ဘေး တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်လေ့ရှိသည့်အပြင် လေကြောင်းမှ တစ်ဆင့်လည်း ပစ်ခတ်မှုများ လုပ်လေ့ရှိသည်။

Wetlet Informational Network မှ တာဝန်ရှိသူက အဓိကကတော့ သင်္ဘော တက်လာတဲ့ တစ်လျှောက် မြစ် ကမ်းဘေး တစ်လျှောက်က ပြည်သူတွေကို သင်္ဘောတွေ တက်သွားမှပဲ ကိုယ့်အိမ်ကိုယ် ပြန်နေကြဖို့၊ သင်္ဘော တက်ရာ လမ်းကြောင်းမှာက လေကြောင်း တိုက်ခိုက်မှုတွေက အနောက်ကနေ အစဥ်မပြတ် လုပ်နေတော့ လေကြောင်း သတင်းတွေ နားစွင့်ကြဖို့ ပြောချင်ပါတယ် ဟု ဆက်ပြောသည်။

ယခု တက်လာသည့် စစ်ကောင်စီ၏ ရေယာဥ်တန်းထဲတွင် စစ်သင်္ဘော ၅ စီး၊ ရိက္ခာတင်သင်္ဘော ၇ စီး နှင့် နောက် တွန်း ဖလပ်ခွံ့ ရေယာဥ် စုစုပေါင်း ၁၄ စီးခန့် ပါဝင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွ် ရွှေဘိုမြို့နယ်သို့ စစ်သင်္ဘောများ ရောက်ရှိနေပြီဟု Wetlet Informational Network က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်သင်္ဘောနှင့် ရိက္ခာတင် သင်္ဘောများသည် မန္တလေး – ဝက်လက် – ရွှေဘို – ကျောက်မြောင်း -တကောင်း – ထီးချိုင့် – ကသာ – ရွှေကူ – ဗန်းမော် စသည့် လမ်းကြောင်းအတိုင်း ဆန်တက်လာနိုင်သည်ဟု စစ်ရေးအခြေအနေ စောင့်ကြည်နေသူများက သုံးသပ်နေကြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဆန်တက်ခဲ့သည့် စစ်သင်္ဘောနှင့် ရိက္ခာတင် သင်္ဘော အချို့သည် မြစ်ကြောင်း တစ်လျှောက် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် ရေယာဥ်အချို့ မှာ ပျက်စီးခဲ့ သည်။

ရေယာဉ်အချို့မှာမူ တော်လှန်ရေးအဖွဲ့၏ သိမ်းပိုက်မှုကို ခံခဲ့ရပြီး အချို့မှာ ဗန်းမော်မြို့အထိ ဆန်တက် နိုင်ခဲ့ သည်ဟု ဆိုကြသည်။