ဂါဇာ သိမ်းပိုက်ရေး အစိုးရအဖွဲ့ အတည်ပြု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။
အစ္စရေး ဝန်ကြီးချုပ်၏ ဂါဇာ သိမ်းပိုက်ရေး စီမံချက်ကို အစ္စရေး လုံခြုံရေး အစိုးရ အဖွဲ့က အတည်ပြုလိုက် သည်ဟု နိုင်ငံတကာ သတင်းဌာနများတွင် ဖော်ပြသည်။
ယင်း အစည်းအဝေး မစတင်မီတွင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟုက ဂါဇာကို အစ္စရေး အနေဖြင့် စစ်ရေးအရ ထိန်းချုပ်သွားမည်ဟု ပြောခဲ့သည်။
အစ္စရေး ကက်ဘိနက်က ၎င်းကိစ္စကို မဲမပေးခင် အစ္စရေး၏ မြို့အများအပြားတွင် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဟားမာ့စ်နှင့် ပါလက်စတိုင်းအဖွဲ့တို့၏ ဓါးစာခံအဖြစ် ဖမ်းဆီးခံရသူများ၏ မိသားစုများက ယခု ဆုံးဖြတ်ချက်သည် ဓါးစာခံအဖြစ် ဖမ်းဆီးခံရသူများအား သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
လက်ရှိ အခြေအနေတွင် ဂါဇာဒေသ တစ်ခုလုံးကို အစ္စရေးက ပိတ်ဆို့ထားပြီး ကုလသမဂ္ဂ၏ အကူအညီများ လည်း အနည်းငယ်သာ ရောက်ရှိနိုင်သည့် အနေအထားမျိုး ဖြစ်သည်။
ဂါဇာဒေသရှိ အရပ်သားများမှာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အလွန် စိုးရိမ်စရာကောင်းအောင် ခံနေကြရကြောင်း ကုလသမဂ္ဂ က ပြောသည်။
ဂါဇာ ကမ်းမြောင်ဒေသကို အစ္စရေးနိုင်ငံက ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း သိမ်းပိုက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည် ရုတ်သိမ်းခဲ့သည်။ သို့သော်လည်း ၂၀၂၃ ခုနှစ် အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ဖြစ်လာ ချိန်မှစတင်၍ ဒေသကြီး၏ နေရာအများစုကို အစ္စရေးက သိမ်းပိုက်ထားလိုက်သည်။
ဂါဇာတွင် အစ္စရေး၏ စစ်ချဲ့ထွင်ရေး ဆုံးဖြတ်ချက်သည် “စစ်ရာဇဝတ်မှု တစ်ခုကို ကြေညာလိုက်တာပဲ” ဖြစ် ကြောင်း ပါလက်စတိုင်း အမျိုးသား အစပျိုးလုပ်ဆောင်မှု အဖွဲ့ ဥက္ကဋ္ဌ Mustafa Barghouti (မူစတာဖာ ဘာဂိုတီ) က စွပ်စွဲ ပြောဆိုထားသည်။
ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု နှင့် အစ္စရေး အစိုးရ၏ မူရင်း ရည်ရွယ်ချက်သည် ပါလက်စတိုင်းများ မျိုးသုဉ်း ပျောက်ကွယ်စေရန် ဖြစ်သည်ဟု သူက ပြောသည်။