စက်တပ်လေထီး တိုက်ခိုက်မှုကြောင့် အဖွားအို တစ်ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
စက်တပ် လေထီးဖြင့် တိုက်ခိုက်ခံရသဖြင့် အသက် ၇၀ ကျော် အရွယ် အဘွားအို တစ်ဦးသေဆုံးပြီး အခြား တစ်ဦး ခြေထောက် ဖြတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ထဲက မိုးကြိုးပြင်တောင်ကျေးရွာကို စစ်ကော်မရှင်တပ်က ပါရာမော်တာ စက်တပ် လေထီးဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၇၀ ကျော် အရွယ် အဘွားတစ်ဦး သေဆုံးခဲ့ရ သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “စစ်ရေးအခြေအနေကတော့ ကြေးနီစီမံကိန်းက ဒီရှေ့ရက်တွေမှာ အနောက်ဘက် က ကျေးရွာတွေကို စစ်ကြောင်း ထိုးလာတာတွေ ရှိတယ်။ အဲ့ဒီနောက်မှာ ပါရာမော်တာနဲ့ လာပြီးတော့ ကြဲတာ။ အဘွားအို တစ်ဦးသေတယ်။ တစ်ဦးက ဒဏ်ရာရသွားတာ” ဟု ပြောသည်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွှဲပိုင်း ၂ နာရီဝန်းကျင် အချန်တွင် မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာသော ပါရာမော်တာ စက်တပ် လေထီးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးမှာ ထိခိုက်ဒဏ်ရာကြောင့် ခြေထောက် တစ်ဖက်ဆုံးရှုံးသွားသည်။
သေဆုံးသူ အဘွားသည် အသက် ၇၀ကျော် အရွယ်ရှိပြီ ဖြစ်သည့် ဒေါ်သောင်းခင် ဆိုသူဖြစ်သည်။
ထို့အပြင် မိုးကြိုးပြင်ကျေးရွာ အပါအဝင် ကျေးရွာအချို့က ပြည်သူများမှာ ဩဂုတ်လ ၂၀ ရက်နေ့ အချိန်ထိ ဘေးလွှတ်ရာ နေရာများတွင် တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု ဆိုသည်။
ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင် ကြေးနီစီမံကိန်း လုပ်ကွက်တွင် စစ်ကော်မရှင် တပ်ဖွဲ့များသည် အာဏာ သိမ်းပြီးနောက်ပိုင်းမှ စတင်ကာ ယနေ့အချိန်ထိ နေရာယူထားကြသည်။
ဩဂုတ်လ ၁၆ ရက်နေ့တွင် အဆိုပါ ကင်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် အင်အား ၄၀ ကျော်ဖြင့် ဝမ်ပေါင် ကြေးနီ စီမံကိန်း၏ အနောက်ဘက်တွင်ရှိသည့် ကျေးရွာအချို့ကို စစ်ကြောင်း ပတ်ထိုးနေခြင်း ဖြစ် သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “ကျနော်တို့ သုံးသပ်မိတာကတော့ အင်အား အများအပြားနဲ့ စစ်ကြောင်း လှုပ်ရှားတာ မဟုတ် တော့ ကိစ္စကြီးငယ် တစ်ခုခုရှိလို့ ဖြစ်ပါလိမ့်မယ်။ ရွေးကောက်ပွဲကြောင့်တော့ မဟုတ်လောက်သေးဘူး။ အင်အားလည်း နည်းတယ် ဆိုတော့လေ။ အကြောင်းရင်း တစ်ခြား တစ်ခု ရှိလို့ထင်တယ်” ဟု ပြောသည်။
ထို့အပြင် စစ်ကြောင်းပတ်ထိုးနေသည့် အဆိုပါ စစ်ကြောင်းမှာ ကျောက်ဖြူတိုင် ကျေးရွာကိုလည်း လက်နက် ကြီးနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးမှုများရှိသည်ဟု သိရသော်လည်း NMG က သီးခြား အတည်မပြုနိုင်သေးပါ။
ဩဂုတ်လဆန်း ၃ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်၊ အရှေ့ခြမ်းတွင် ရှိသည့် ကျေးရွာအချို့ကို စစ်တပ်က ပါရာမော်တာ စက်တပ် လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သေး သည်။
စစ်ကောင်စီတပ်သည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြန်ထားသည့် အပြင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့များ အပါအဝင် တော်လှန်ရေး အင်အားစုများ လှုပ်ရှားရာနေရာများကို သိသိသာသာ ထိုးစစ်များ ဆင်နေခြင်း ဖြစ်သည်။