ကမ္ဘာတဝှမ်း အုပ်ချုပ်မှု ပုံစံသစ် တရုတ် အဆိုပြု 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။ 

တရုတ်သမ္မတ Xi Jinping (ရှီကျင်းပင်) က ကမ္ဘာတဝှမ်း အုပ်ချုပ်မှု ပုံစံ သစ်ကို တောင်းဆိုလိုက်ပြီး တရုတ်နိုင်ငံအနေဖြင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ SCO အဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ်အတွင်း ငွေကြေးထောက်ပံ့မှုအဖြစ် တရုတ်ငွေ ယွမ် ၂ ဘီလီယံ (၉.၂ ဘီလီယံ ဘတ်) ပေးမည်ဟု ဂတိပြုလိုက်သည်။ 

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် SCO အဖွဲ့အစည်း ဘဏ်တွေ အကြား နောက်သုံးနှစ်အတွင်း တရုတ်ငွေ ယွမ် ၁၀ ဘီလီယံ ချေးငွေ ထုတ်ပေးမည်ဟုလည်း ကတိပြုလိုက်သည်။ 

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံကို တရုတ်နိုင်ငံ Tianjin (တီယန်ကျင်း) မြို့တွင် စက်တင်ဘာ ၁ ရက်ကစပြီး ကျင်းပနေခြင်း ဖြစ်သည်။ 

သမ္မတ ရှီကျင်းပင်အဆိုပြုထားသော ကမ္တာတဝှမ်း အုပ်ချုပ်မှု ပုံစံသစ်တွင် အချက်ငါးချက် ပါဝင်သည်။ အချုပ်အချာ တန်းတူညီမျှမှုကို လိုက်နာခြင်း၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးမှုကို စွဲကိုင်ခြင်း၊ နိုင်ငံစုံ ဝါဒကို ကျင့်သုံးခြင်း၊ လူထု ဗဟိုပြု ချည်းကပ်မှုကို ထောက်ခံ အားပေးခြင်းနှင့် လက်တွေ့ လုပ်ငန်း လုပ်ဆောင်မှုကို အာရုံစိုက်ခြင်းတို့ ပါဝင်သည်။  

နိုင်ငံ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ အင်အားနှင့် စီးပွားမည်သို့ ရှိသည်ဖြစ်စေ နိုင်ငံတိုင်းသည် ကမ္ဘာတဝှမ်း အုပ်ချုပ်မှုတွင် ပါဝင်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်နှင့် အကျိုးခံစားပိုင်ခွင့်များ တန်းတူဖြစ်စေရမည်ဟု ဆိုသည်။ 

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ရဲ့ နှစ်ပတ်လည် အစည်းအဝေးသည် ယခုနှစ်တွင် နိုင်ငံအများဆုံး တက်ရောက်ပြီး အကြီးမား ဆုံးလည်း ဖြစ်သည်။ ရုရှား၊ အိန္ဒိယ၊ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်တက်ရောက်ပြီး နိုင်ငံတကာ အဖွဲ့အစည်း ၁၀ ခု တက်ရောက်ခဲ့ကြသည်။ 

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် အနောက်နိုင်ငံအဝန်းအဝိုင်း ပြင်ပ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကို ထူထောင်ထားသည့် တရုတ်ဦးဆောင်သော ငွေကြေး အဖွဲ့ အစည်းလည်း ဖြစ်သည်။ 

SCO နိုင်ငံတွေ အတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံ ကျော်ရှိပြီး SCO နိုင်ငံတွေ အကြား နှစ်စဉ် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀၀ ကျော်ရှိသည်။