သထုံတွင် စစ်ကော်မရှင်တပ်က ကလေးနှင့် အမျိုးသမီးများအပါ လူ ၃၀ နီးပါး ဖမ်းဆီးခေါ်ဆောင်ထား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။ 

မွန်ပြည်၊ သထုံမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်လာသည့် စစ်ကော်မရှင်တပ်က ကလေးနှင့် အမျိုးသမီးများ အပါ အဝင် ဒေသခံ အယောက် ၃၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့အချိန်ထိ ပြန်မလွှတ်ပေးဘူး ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

အဆိုပါ စစ်ကြောင်းက သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာသို့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် အသက် ၁၃ နှစ်ဝန်းကျင် ယောက်ကျားလေး ၅ ဦး၊ အသက် ၁၆ နှစ်ဝန်းကျင် မိန်းကလေး ၈ ဦးနှင့် အသက်အတိအကျ မသိသည့် ယောက်ကျားလေး ၁၅ ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု HURFOM က ဆိုသည်။

မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမွန်က “အခုအချိန်ထိတော့ ပြန်မလွှတ်ပေးသေးဘူး။ ရဲစခန်းနဲ့အနီးဆုံး စစ်လေ့ကျင့်ရေးကျောင်းကို ခေါ်သွားတယ်လို့ကြားတယ်။ အဲ့ဒီမှာ သူတို့ စင်တာ သဘောမျိုး ဖွင့်ပြီးတော့ အဲ့ဒီလူတွေကို ချုပ်နှောင်ထားတယ်လို့ပြောသံကြားတယ်။ အဲ့ဒီအပြင်လွှတ်လာတယ် လို့လည်း ကျနော်တို့ သတင်းမရသေးပါဘူး” ဟု ပြောသည်။

၎င်းတို့အား ယနေ့အချိန်ထိ ပြန်မလွှတ်ပေးသေးသည့်အပြင် နောက်ထပ် ဖမ်းဆီးမှုများပါ ဆက်ရှိနေသည်ဟု နိုင်အဲမွန်က ပြောသည်။ 

မွန်ပြည်အတွင်း  စစ်မှုထမ်းတပ်သားသစ် စုဆောင်းရေးအဖွဲ့နှင့် စစ်ကော်မရှင် စစ်ကြောင်းတို့မှ လူငယ်များကို ဖမ်းဆီးမှု ဆက်တိုက် ပိုလုပ်လာနေသည့်အတွက် ဒေသခံများစိုးရိမ်နေကြသည်။

နိုင်အဲမွန်က “အရင်ကဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားကို ပစ်မှတ်ထားဖမ်းဆီးတာရှိတယ်။ အခု ဆိုလို့ ရှိရင် သူက ၁၆ နှစ် ၁၇ နှစ် အရွယ်တွေပါ ပါတဲ့သဘောမှာရှိတယ်။ ဆိုတော့ ကလေးအရွယ်တွေ ဖမ်းတဲ့ ပစ် မှတ်က ပိုများလာတယ်။ ကျနော်တို့ အဲ့ဒါကို သိပ်စိုးရိမ်တယ်။ သထုံ၊ ဘီးလင်း၊ မော်လမြိုင်မြို့ပေါ်မှာ နောက် တစ်ခုက မုဒုံ ဒီတစ်ဝိုက်မှာ အဲ့ဒါတွေ ဖြစ်လာတယ်” ဟု ပြောသည်။

မွန်ပြည်တွင် လူငယ်များ ဖမ်းဆီးခံရမှု ပိုမိုများလာသည့်အတွက် မိဘများက စိုးရိမ်နေကြပြီး သားယောက်ကျား လေးများအား ပုန်းအောင်းနေခိုင်းရခြင်း၊ လုံခြုံသည့် နေရာများသို့ ရှောင်နေခိုင်းခြင်း၊ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာ သွားခြင်းနှင့် အချို့ မှာ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ရာ ဒေသများသို့ တိမ်းရှောင် နေကြရသည်။

ထို့ကြောင့် လူငယ်အင်အား မရှိတော့သည့်အတွက် ဒေသတွင်း လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများ ကြုံနေကြရသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။

“အခုလိုမျိုး စစ်အုပ်စုက မတရား စစ်မှုထမ်းခိုင်းတဲ့ ဥပဒေပြဌာန်းပြီးတော့ တောက်လျှောက် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးပြီးတဲ့နောက်ပိုင်း အသက်ရှင်သန်နေထိုင်ဖို့ အတွက် ခြံထဲသွားရတာတို့ ဘာလို့ဆို မွန်ပြည် နယ်က ရာဘာခြံတွေများတယ်။ ဥယာဉ်ခြံတွေများတယ်။ နောက်လယ်ယာ လုပ်ငန်းပေါ်မှီခိုပြီးနေရတယ်။ နောက်တစ်ခုက ကုန်ရောင်းကုန်ဝယ် လုပ်ပြီးမှီခိုနေရတယ်။ အိမ်မှာရှိတဲ့ မိသားစုတွေက လုပ်အားအပေါ် မှီ တည်ရတယ်။ အဲ့ကြောင့်မို့လို့ အခုဒီလုပ်ရပ်တွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဆိုလို့ရှိရင်တော့ တစ်သီး ပုဂ္ဂလမကဘူး အိမ်ထောင်စု အများကြီးမှာ ရှိနေတဲ့ လုပ်အားနှုန်းတွေကို လျှော့စေတာအမှန်ပဲ။”

စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာမှ အသက် ၂၂ နှစ်အရွယ် ကိုဥက္ကာ ကျော်၊ အသက် ၁၇ နှစ်အရွယ် မောင်ခန့်သူအောင်နှင့် အသက် ၁၆ နှစ်အရွယ် မောင်အောင်သူဇင်တို့မှာ ကျေးရွာ ရှိ ဇရပ်တွင် ထိုင်နေစဉ် ကင်းလှည့်လာသည့် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့ ၃ ဦးကို သထုံမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ကိုဥက္ကာကျော်သည် အောက်တိုဘာလ ၁ ရက် နေ့တွင် ငွေဖြင့် အာမခံချက်ပေးကာ ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု HURFOM က ဆိုသည်။

သထုံမြို့နယ်တွင် စစ်ကော်မရှင်က တပ်သားသစ် စုဆောင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် အသက်မပြည့်သူများ အပါအဝင် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးကာ အဓမ္မတပ်သားသစ်စုဆောင်းကာ သထုံမြို့နယ်ရှိ အမှတ် (၉) တပ်မတော် လေ့ကျင့်ရေး ကျောင်းသို့ ပို့ဆောင်လျှက် ရှိသည်။

စစ်ကော်မရှင်က ရွေးကောက်ပွဲ နီးကပ်လာသည့်နှင့်အမျှ မွန်ပြည်တွင် ပြည်သူလူထုကို ပိုမို ဖိနှိပ်လာနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ပိုကျူးလွန်နေသည်ဟု HURFOM က ဆိုသည်။

ဓာတ်ပုံ – (ပုံဟောင်း) Greeting from Myanmar လူမှုကွန်ရက်