မိုင်းလုံနှင့် မိုင်းငေါ့ လေကြောင်း တိုက်ခိုက်ခံရမှုထဲ အရပ်သား တစ်ဒါဇင်သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်ထဲက မြို့နယ်ခွဲ အဆင့်ရှိသည့် မိုင်းလုံမြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဒါဇင်သေဆုံးခဲ့သည်။

မိုင်းလုံမြို့နယ်ထဲက မန်ဟုန်းကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုထဲ ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန် ဒဏ်ရာ ရခဲ့သည်။

အလားတူ အောက်တိုဘာလ ၈ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်တွင် မိုင်းငေါ့မြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

မိုင်းလုံမြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တို့ကို နှစ်ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မြို့နယ်တို့မှာ တအာင်းတပ် TNLA က ထိန်းချုပ်ထားသည့် ဒေသများ ဖြစ်သည်။

မိုင်းလုံးဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ဖြစ်တဲ့နေရာက မိုးကုတ် လမ်းမကြီးကနေ သွားရတာ။ တော် တော်လေး သွားရတဲ့ရွာပါ။ ဒီရွာကို မနေ့က နေ့လည် ၁၂ နာရီခွဲလောက်မှာ လာကြဲသွားတာပါ။ မိုင်းလုံမြို့နယ် ထဲက ရွာပါ။ ရွာနာမည်လား မန်ဟုန်းရွာလို့ ခေါ်တယ်။ ပေါင် ၂၅၀ ဗုံးနှစ်လုံး ကြဲသွားတယ်ဆိုတာ မှန်ပါတယ် ဗျ။ TNLA က ထုတ်ထားသလိုပဲ ဒီ သေတဲ့လူတွေ ကလေးတစ်ယောက်ပါတာလည်း မှန်ပါတယ်ဗျ။ သေဆုံး အားလုံးက ၁၀ ယောက်ပါ ဟု ပြောသည်။

မန်ဟုန်းကျေးရွာကို အောက်တိုဘာလ ၇ ရက်နေ့၊ နေ့လည် ၁၂ ခွဲအချိန်ခန့်တွင် စစ်ကော်မရှင်တပ်က လေကြောင်းမှ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လေကြောင်း တိုက်ခိုက်ခံရမှုထဲ အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု တအာင်းတပ် TNLA က ထုတ်ပြန်ထားသည်။ ထို့အပြင် ကျေးရွာထဲက အရပ်သား နေအိမ်များလည်း ထိမှန်ပျက်စီးကုန်သည်ဟု ဆိုသည်။

အလားတူ အောက်တိုဘာလ ၈ ရက်နေ့ (ယနေ့)၊ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်ကလည်း မိုင်းငေါ့မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

မိုင်းငေါ့မြို့ကို ပေါင် ၂၅၀ ဗုံးနှင့် ကြဲခဲ့ရာ အရပ်သား ထိမှန်သေဆုံးဒဏ်ရာ ရရှိမှုများအပြင် အိမ် ၈ လုံး ထက် မနည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။

မိုင်းငေါ့ဒေသခံ အမျိုးသား တစ်ဦးက လေယဉ်ကျသွားတာ ရဲစခန်းရှေ့မှာ ၂ လုံးကျတာ၊ အဲ့ဘက်မှာ လူထိ သွားတယ် ဒဏ်ရာလည်းရတယ်၊ ရော့ကဒ်လည်း ပစ်တယ်၊ ရော့ကဒ်က ထွေအုပ်ရုံးမှာနဲ့ ရဲစခန်း လမ်းကြားမှာ ကျတာ၊ ဘန်ခေါက်ရွာသွားတဲ့လမ်းပေါ့၊ အခုလောလောဆယ် လေယဉ်က မြို့ထဲမှာ ကြဲသွားပြီ ဟု တအာင်း အမျိုးသမီးဖွဲ့ TWO ကို ပြောသည်။

စစ်ကော်မရှင်တပ်က မိုင်းငေါ့မြို့က စျေးရပ်ကွက်တွင် ရော့ကဒ် ဗုံး (၂) လုံး၊ တာလုံရပ်ကွက်တွင် ရော့ကဒ် ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အသက် (၅၀) နှစ် အရွယ်ရှိ ဒေါ်လှရီ၊ အသက် (၅၆) နှစ်အရွယ် ဦးရွှေဟုန်း ထိမှန်သေဆုံးခဲ့ပြီး အသက် (၁၈) နှစ် အရွယ်ရှိ မထွေးထွေးအောင်နှင့် အသက် (၅၀) နှစ် အရွယ် ဦးတင်မောင်အေးတို့ကို ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းတပ် TNLA က ထုတ်ပြန်သည်။