ဝက်လက် အနီး စစ်ကော်မရှင်က ဂိုင်ရိုကော်ပတာ သုံးပြီး တိုက်ခိုက်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ဝက်လက်မြို့အနီး၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်၏ လေကြောင်းပစ်ကူ တွင် ဂိုင်ရိုကော်ပတာများ ပထမဆုံးအကြိမ် အသုံးပြုနေသည်။

ဝက်လက်မြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကော်မရှင် တပ်က တိုက်ပွဲအတွင်း ဂိုင်ရိုကော်ပတာ (Gyrocopter) ၃ စီး အပါအဝင် ဂျက်ဖိုက်တာများကို အသုံးပြု၍ တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရွာသာကြီးဘက်မှာ တိုက်ပွဲဖြစ်နေတာပါ။ အဲ့ဒီမှာ အထိုင် စစ်ကြောင်းရှိတာကို တိုက်နေတာပါ။ အရပ်သား အထိအခိုက်တော့ မရှိဘူးလို့ သိရတယ် ဟု အတည်ပြု ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့မှစတင်ကာ တော်လှန်ရေး အင်အားစုများက ဝက်လက်မြို့ အထွက်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ရွာသာကြီးကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ ဂိုင်ရိုကော်ပတာ ၃ စီးဖြင့် ဝက်လက်မြို့နယ် အနောက် ဘက်ခြမ်းရှိ တိုက်ပွဲဧရိယာတစ်ဝိုက်ကို အောက်တိုဘာလ ၁၃ ရက်နေ့ တစ်ရက်တည်းမှာပင် ၃ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ဂိုင်ရိုကော်ပတာဖြင့် ဆက်လက်တိုက်ခိုက်နေ ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် တိုက်ပွဲအတွင်း ဂိုင်ရိုကော်ပတာကို အသုံးပြုကာ ခုခံပစ်ကူပေးခြင်းမှာ ယခု ဝက်လက် တိုက်ပွဲတွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်သည် ယခုနောက်ပိုင်း ကုန်ကျစရိတ် နည်းပါးသည့် တိုက်ခိုက်ရေးယာဉ်များကို အသုံးပြု၍ လေကြောင်း တိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း မုံရွာ နမခ မှ တက်လာသည့် ဂိုင်ရိုကော်ပတာ တစ်စီး၏ တိုက်ခိုက်မှုကြောင့် ရေဦးနှင့် တန့်ဆည်မြို့နယ် အစပ်ရှိ ဖန်ခါးဇင်ကျေးရွာရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး၊ ဘုန်းကြီးကျောင်းဆောင် တစ်ခုပါ ပျက်စီးခဲ့ဖူးသည်။

စစ်ကော်မရှင်တပ်သည် ကုန်ကျစရိတ် နည်းပါးသည့် တိုက်ခိုက်ရေးယာဉ် အမျိုးအစားဖြစ်သော အင်ဂျင်တပ် လေထီး (ပါရာမော်တာ) ကိုလည်း ယမန်နှစ်က စတင်ကာ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်း ဒေသကြီးများတွင် စတင်အသုံးပြုခဲ့သည်။

ထိုမှတစ်ဆင့် ယခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ ဂျိုင်ရိုကော်ပတာ အမျိုးအစား တိုက်ခိုက်ရေး ယာဉ်များကို မန္တလေးတိုင်း (မြင်းခြံဒေသ) နှင့် စစ်ကိုင်းတိုင်း စသည့် မြေပြန့်ဒေသများတွင်ပါ အသုံးပြုလာခြင်း ဖြစ်သည်။

လေကြောင်း ကင်းထောက်အဖွဲ့များ၏ ထုတ်ပြန်ချက်အရ တစ်နာရီလျှင် ၉၅ မိုင်နှုန်း ပျံသန်းနိုင်သည့် ဂျိုင်ရို ကော်ပတာသည် ပါရာမော်တာထက် ပျံသန်းနှုန်း ပိုမိုမြင့်မားသည့် အပြင် မောင်းနှင်သူတစ်ဦးနှင့် နောက်ထပ် လူတစ်ဦးပါ လိုက်ပါစီးနင်းနိုင်သည့် အားသာချက်များရှိသည်။

ဓာတ်ပုံ – Wetlet Informational Network