ကရင်နီ၊ ဒီးမော့ဆို၌ တိုက်ပွဲပြင်းထန်၊ စစ်ရှောင်များ ထပ်မံတိမ်းရှောင်ရန် ခက်ခဲနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲတွင် စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်မှုများကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဒေသခံစစ်ရှောင်ပြည်သူများမှာ စိုးရိမ်ပူပန်မှု မြင့်တက်နေသည်။

ဒီးမော့ဆို – ဖရူဆို လမ်းမကြီးတစ်လျှောက် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ 

စစ်ရှောင်ပြည်သူများကမူ လက်ရှိအခြေအနေများကြောင့် နေရာသစ်သို့ ထပ်မံတိမ်းရှောင်ရပါက မလွယ်ကူတော့ကြောင်းနှင့် ပြေးစရာနေရာလည်း မရှိတော့ကြောင်း ဒီးမော့ဆို အနောက်ခြမ်းမှ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံ စစ်ရှောင်များသည် စစ်ကော်မရှင်တပ်က စစ်ရေးနှင့် အရပ်သား ပစ်မှတ် မခွဲခြားဘဲ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများကို ပိုမိုလုပ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။

မြေပြင် စစ်ရေး အခြေအနေကြောင့် ဖရူဆို – ထားလဲ – နန်းဖဲ လမ်းမကြီး အပါအဝင် လမ်းသွယ်များနှင့် လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ လမ်းမကြီးတို့ကိုလည်း စက်တင်ဘာ ၂၃ ရက်နေ့မှစ၍ ယနေ့ အချိန်အထိ ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။