အမေ၊ အဖေရဲ့ Mobile ဖုန်းထဲက ဒေါ်လာ ၁၀၀၀၀ ခန့်ကို ၈ နှစ်သမီးလေးက သုံးစွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
တရုတ်နိုင်ငံ ရှင်ကျန်း ပြည်နယ်က အသက် ၈ နှစ် ကလေးဟာ မိဘတွေ စုထားတဲ့ ပိုက်ဆံ ယွမ် ၇၀,၀၀၀ ကျော်ကို အွန်လိုင်း တိုက်ရိုက် လက်ဆောင်တွေ အဖြစ် ပေးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒေသတွင်း သတင်းတွေအရတော့ ကလေးဟာ မိဘတွေရဲ့ ဖုန်းတွေကို ယူဆော့လေ့ရှိပါတယ်။ ပြီးတော့ ငွေပေးချေတဲ့စကားဝှက်တွေကို အလွတ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ရေးထားပါတယ်။
မေလမှာတော့ ကလေးက တိုက်ရိုက်ထုတ်လွှင့်တဲ့ လူမှု မီဒီယာ ကွန်ရက်တစ်ခုကို အမှတ်မထင် ဝင်ရောက်မိခဲ့ပါတယ်။ အဲဒီ လူမှု ကွန်ရက်မှာက ကြည့်ရှုသူတွေက အကောင့်ပိုင်ရှင်တွေကို အွန်လိုင်းကနေ လက်ဆောင်တွေ ပေးပို့ထားကို သတိထားမိခဲ့ပါတယ်။
သူကလည်း တခြားသူတွေ လုပ်သလို လက်ဆောင်တွေ ပေးပါတော့တယ်။ အသံလွှင့်ထုတ်နေသူတွေကို အွန်လိုင်းကနေ လက်ဆောင်တွေ ဝယ်ပေးခဲ့ပါတယ်။
အဲဒီလို လက်ဆောင်ပေးခဲ့တာဟာ ၂ လလောက် ကြာခဲ့တယ်လို့ ဆိုပါတယ်။
သူက လက်ဆောင်တွေ ပိုပိုပေးလာခဲ့တာကြောင့် အဲဒီ လူမှု ကွန်ရက်မှာ ထိပ်တန်း ပံ့ပိုးသူ တယောက်ဖြစ်လာခဲ့ပါတယ်။
မိဘတွေက အလုပ်သမားတွေကို လုပ်အားခပေးဖို့ ဘဏ်အကောင့်ကို ပြန်ဖွင့်ကြည့်တဲ့အခါကျမှ သူတို့ရဲ့ ယွမ် ၇၀,၀၀၀ ကျော် (အမေရိကန် ဒေါ်လာ ၁ သောင်းခန့်) ရှိတဲ့ ဘဏ်အကောင့်ထဲမှာ ၂၅ ယွမ်ပဲ ကျန်တော့တာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။
မိဘတွေက ရဲကိုတိုင်ကြားခဲ့ပြီး ရဲက အဲဒီ လူမှုမီဒီယာ ကွန်ရက် ကိုင်တွယ်သူတွေကို ဆက်သွယ်ပြီး ကလေးဟာ မိဘ ခွင့်ပြုချက်မရပဲ ငွေလွှဲပေးခဲ့တာဖြစ်လို့ ပြန်ပေးဖို့ တောင်းဆိုပေးခဲ့ပါတယ်။
လူမှု မီဒီယာ ကွန်ရက်က ဘဏ်မှတ်တမ်းတွေကို ကြည့်ပြီး ဩဂုတ်လထဲမှာတော့ ကလေးမိဘတွေကို ယွမ် ၇၁,၈၀၃ ပြန်လည် လွှဲပေးခဲ့ပါတယ်။