စဉ့်ကူး လေကြောင်း တိုက်ခိုက်မှု အရပ်သား ၁ ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်။ 

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရပြီး အရပ်သား ၁ ဦး သေဆုံး ၁၃ ဦး ထိမှန်ဒဏ်ရာရခဲ့သည်။

စဉ့်ကူးမြို့နယ်သည် အောက်တိုဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် စစ်ကော်မရှင် တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရရာ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ သည်ဟု ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။ 

နောက်ဆုံးဖြစ်စဉ်ဖြစ်သည့် အောက်တိုဘာ ၂၆ ရက် နေ့လည် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် စဉ့်ကူးမြို့နယ်၊ ပဲလှော်ဖိုကျေးရွာနှင့် ပတ်လည်အင်းကျေးရွာကြားရှိ ကောင်းဆက်သာဆီဆိုင်ကို မိတ္ထီလာရှမ်းတဲ လေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီး က ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

ယင်းတိုက်ခိုက်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ဆီဆိုင်မန်နေဂျာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ အရပ်သား ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ဂျက် ၂ စီးနဲ့ လာကြဲသွားတာဗျ။ အဲ့ဒီမှာရှိတဲ့ ဆီဆိုင်ကို အကြဲခံလိုက်ရ တယ်။ အမျိုးသား လူလတ်ပိုင်း တစ်ယောက် သေတယ်။ ဒဏ်ရာရတာ ၆ ယောက် ရှိတယ်။ စဉ့်ကူးက ခဏ ခဏ ကြဲခံရတာပါဟု အတည်ပြုပြောဆိုခဲ့သည်။

တိုက်ခိုက်ခံရသည့် ဆီဆိုင်သည် မတ္တရာ – စဉ့်ကူး ကားလမ်းမပေါ်တွင်ရှိပြီး၊ စစ်တပ်က မတ္တရာမြို့၏ မြောက် ဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင်နေသည်ဟု ဒေသခံများက သုံးသပ်သည်။

စဉ့်ကူးမြို့နယ် အခြေအနေကို စောင့်ကြည့်နေသူ ဒေသခံတစ်ဦးက ဒီရက်ပိုင်း စစ်တပ်က မြေပြင် စစ်ကြောင်းမထိုးနိုင်တော့ လေကြောင်းနဲ့ပဲ ဆက်တိုက် ဖိအားပေးနေတာပါ။ လက်ပန်လှရော၊ ဆီဆိုင်ရောကိုပါ ပစ်မှတ် ထား တိုက်ခိုက်တော့ ပြည်သူတွေရဲ့ လုံခြုံရေးက လုံးဝမရှိတော့ပါဘူးဟု ပြောသည်။

အောက်တိုဘာ ၂၅ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင်လည်း လူစည်ကားသည့် ဓာတ်ဆီဆိုင်ကို အဓိကထား တိုက်ခိုက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကော်မရှင်တပ်သည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း စသည့် မြို့နယ်များ အတွင်း ထိုးစစ်ဆင်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး၊ နယ်မြေစိုးမိုးမှု ရယူရန် လေကြောင်း တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေခြင်း ဖြစ်သည်။

စဉ့်ကူးမြို့နယ်သည် ဩဂုတ်လမှ စတင်၍ လေကြောင်းတိုက်ခိုက်မှု ခံနေရသည့် ဒေသတစ်ခု ဖြစ်သည်။

ဩဂုတ်လအတွင်း စဉ့်ကူးမြို့နယ်မှ စစ်ကြောင်းတစ်ခု ထိုးခဲ့ပြီးနောက် လေကြောင်းပစ်ကူများပါ ယူခဲ့ရသည်။

စက်တင်ဘာလအတွင်း စဉ့်ကူးမြို့နယ်ထဲရှိ တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

အောက်တိုဘာလ ၂၄ ရက်နေ့ကလည်း စဉ့်ကူးနှင့် နီးစပ်သည့် သပိတ်ကျင်းမြို့နယ် ရင်ခတ်ပင်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၁၃ ဦး ထက် မနည်း ဒဏ်ရာရခဲ့သည်။

စစ်ကော်မရှင် တပ်ဘက်ကမူ ၎င်းတို့ ထိန်းချုပ်မှုမရှိသည့် နယ်မြေများကို ဗုံးကြဲတိုက်ခိုက်နေခြင်းနှင့် ပတ်သက် ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။ စစ်တပ်က မန္တလေးတိုင်းအတွင်းရှိ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနယ်တို့အထိ မြေပြင်စစ်ကြောင်းများပါ ထိုးဖောက်လျက်ရှိနေသည်။