က‌လေးများ အနေဖြင့် လမ်း၌ ပေါက်ကွဲစေတတ်သော ပစ္စည်းများ တွေ့ပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

အရင် တပါတ်ကတော့ မြေမြှုပ်မိုင်း အန္တရာယ် ကင်းအောင် ဘယ်လို လမ်းတွေကနေ သွားသင့်သလဲ ဆိုတာကို ပြောပြခဲ့ပါတယ်၊ ဒီတပါတ်ကတော့ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန် ပစ္စည်းတွေ တွေ့ရင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ပြောပြသွားမှာပါ။ 

ရှမ်းပြည်မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ဟာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန် ပစ္စည်းတွေ ရဲ့ အန္တရာယ် အများဆုံး ကြုံတွေ့နေရတဲ့ ဒေသတွေထဲမှာ ပါဝင်ပြီး ကလေးငယ်တွေ ထိခိုက်သေဆုံး မှုတွေလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။

UNICEF (ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့) ရဲ့ ထုတ်ပြန်ချက်များအရ၊ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန် ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိသူ အရပ်သားတွေရဲ့ ၃၂ ရာခိုင်နှုန်းခန့် ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

ရှမ်းပြည်နဲ့ စစ်ကိုင်းတိုင်းတို့ဟာလည်း ထိခိုက်မှု အများဆုံး ဒေသများထဲမှာ အမြဲလိုလို ပါဝင်နေပါတယ်။

နမူနာ အဖြစ်အပျက်တွေကို ပြောရမယ်ဆိုရင်တော့ ၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်က အဖြစ်အပျက်ကလေးက ဂရုဏာ သက်ဖို့ ကောင်းပါတယ်။ 

ဖြစ်စဉ်ကတော့ စစ်ကိုင်းတိုင်း ယင်းမာပင်ကို စစ်တပ်ဝင်ရောက်ခဲ့ပါတယ်။ 

စစ်တပ်တွေ ပြန်ထွက်သွားတဲ့ အချိန်မှာ အသက် (၅) နှစ်အရွယ်ကလေး တစ်ယောက်က စစ်တပ်ဝင်လာတုန်းက ကျန်ခဲ့တဲ့ လက်ပစ်ဗုံး ဒါမှမဟုတ် ဗုံးသီးကျည် တစ်ခုကို ကစားစရာထင်ပြီး ကစားခဲ့ရာကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ 

အဲဒီ ပေါက်ကွဲမှု ကြောင့် အဲဒီ ပေါက်ကွဲတတ်တဲ့ စစ်ကျန်ပစ္စည်းနဲ့ ကစားခဲ့တဲ့ ၅ နှစ်အရွယ်ကလေးကော သူ့ရဲ့ အသက် ၁၀ လပဲ ရှိသေးတဲ့ ဝမ်းကွဲ ညီလေးကော သေဆုံးသွားခဲ့ပါတယ်။ 

အဲဒီ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် ပစ္စည်းကို မိဘတွေက စစ်ကျန် ပစ္စည်းမှန်းမသိပဲ သိမ်းထားမိတာလို့ ဆိုပါတယ်။ 

နောက်ထပ် နမူနာ အဖြစ်အပျက် တစ်ခုကို ပြောရမယ် ဆိုရင်တော့ ၂၀၂၄ ခုနှစ် အတွင်းက ရှမ်းပြည် မြောက်ပိုင်း မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကို ပြောပြချင်ပါတယ်။ 

သတင်းမှတ်တမ်းတွေ အရဆိုရင် ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူဒေသမှာ ကလေးငယ်တွေ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ 

သတင်းတွေနဲ့ ဒေသခံ လူမှုရေး အသင်းအဖွဲ့တွေရဲ့ ပြောပြချက်အရ မြေမြုပ်မိုင်း နင်းမိတဲ့ အဖြစ်အပျက်တွေ ကြောင့် ကလေးငယ်တွေ ခြေလက်ဆုံးရှုံးခြင်း၊ သေဆုံးရခြင်းတွေ ဖြစ်ပွားခဲ့ပါတယ်။ 

ဒါကြောင့် မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လူကြီးတွေတင်မက ကလေးတွေလည်း သိထားသင့်ပါတယ်။ 

သိရှိလာတဲ့ လူကြီးတွေက ကလေးတွေလည်း သိလာအောင် ပြန်ပြောပြဖို့ လိုပါတယ်။ 

အဓိကကတော့ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ နေရာတွေ၊ စစ်တပ်တွေ စခန်းချသွားတဲ့ နေရာတွေ၊ စစ်တပ်တွေ ဖြတ်သန်းသွားလာခဲ့တဲ့ နေရာတွေမှာ ကိုယ်မသိတဲ့ ပစ္စည်းတွေ တွေ့ခဲ့ရင် အထူးသတိထားကြဖို့ လိုပါတယ်။ 

မိုင်း၊ ဖြစ်စေ ပေါက်ကွဲ စေတတ်တဲ့ စစ်ကျန်ပစ္စည်းဖြစ်စေ အမျိုးအမည်မသိတဲ့ ပစ္စည်း ဖြစ်စေ တွေ့ရှိခဲ့မယ် ဆိုရင် အရေးအကြီးဆုံးက 

မထိပါနဲ့၊ 

မကိုင်ပါနဲ့ 

မကန်လိုက်ပါနဲ့။ 

စူးစမ်း ခြင်း တု တ်နှင့် ထိုးခြင်း များ လုံးဝ  မပြုလုပ်ပါနှင့်

တွေ့တဲ့နေရာမှာ ချက်ချင်း ရပ်တန့်ပြီး ငြိမ်ငြိမ်လေး နေလိုက်ပါ။ ဘာလို့လဲ ဆိုရင် အန္တရာယ်ရှိတဲ့ ပစ္စည်းတစ်ခုခု တွေ့တယ်ဆိုရင် အနီးအနားမှာလည်း အဲလို ပစ္စည်းမျိုးတွေ ရှိနေနိုင်တာမို့လို့ပါ။ 

အဲဒီနောက်မှာတော့ လာတဲ့ လမ်းအတိုင်း နောက်ပြန်ဆုတ်ရပါမယ်။ ခြေရာ ရှိတယ်ဆိုရင် ခြေရာအတိုင်း ဆုတ်ရမှာ ဖြစ်ပြီး ခြေရာမပေါ်ရင်တော့ ကိုယ်လာခဲ့တဲ့ လမ်းကြောင်း အတိုင်း ပြန်ဆုတ်ဖို့ လိုပါတယ်။ 

ထွက်ပြေးတာမျိုး၊ လမ်းကြောင်းပြောင်းပြီး သွားတာမျိုးတွေ မလုပ်ရပါဘူး။ 

တချိန်ထဲမှာပဲ ကိုယ်နဲ့ အတူ သွားလာနေတဲ့ သူတွေကို အန္တရာယ်ရှိတဲ့ ပစ္စည်း တစ်ခုခု တွေ့တဲ့ အကြောင်း အသိပေးရပါမယ်။ 

အနီးကလူတွေကို လှမ်းအော်ပြီး သတိပေးပါ။ သူတို့ဆီသွားဖို့ မလိုသလို သူတို့ကိုလည်း ကိုယ့်ဆီလာအောင် ခေါ်ဖို့ မလိုပါဘူး။ 

အဲဒီ မြေမြှုပ်မိုင်း၊ ဒါမှမဟုတ် စစ်လက်ကျန် ပစ္စည်း ဒါမှမဟုတ် သံသယ ဖြစ်စရာ ပစ္စည်းတွေ့တဲ့ အနီးအနားမှာ မီးမရှို့ပါနဲ့၊ ဆေးလိပ် မသောက်ပါနဲ့။ 

ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ အနီးမှာ လက်ကိုင်ဖုန်း ခေါ်ဆိုခြင်းကိုလည်း မလုပ်သင့်ပါဘူး။ လုံခြုံစိတ်ချ လောက်တဲ့ နေရာရောက်မှသာ ဖုန်းကို အသုံးပြုသင့်ပါတယ်။ 

လုံခြုံစိတ်ချရတဲ့ နေရာရောက်ရင်တော့ အဲဒီဒေသမှာ တာဝန်ယူ အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကို အကြောင်း ကြားရမှာ ဖြစ်ပါတယ်။ 

အကြောင်းကြားတဲ့ အခါမှာတော့ ပစ္စည်းတွေ့တဲ့ နေရာကိုလည်း သေသေချာချာ ပြောပြဖို့ သင့်ပါတယ်။ 

ဘေးအန္တရာယ်ပိုပြီးနီးတဲ့သူတွေကတော့ ထင်းရှာတဲ့သူ၊ ရေခပ်တဲ့သူ၊ တောင်ယာသွားတဲ့သူ၊ ကျွဲနွားကျောင်းတဲ့သူ နဲ့ ကလေးငယ်တွေ ဖြစ်ကြပါတယ်။ 

သူတို့ကို မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပညာပေးဖို့ လိုအပ်ပါတယ်။ 

အရင် တပတ်က ပြောထားသလို့ ဘယ်လို လမ်းမျိုးက အန္တရာယ် ပိုကင်းတယ်။ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေက ဘယ်လိုမျိုးတွေ ဖြစ်တယ်။ ဆိုတာ သိအောင် ပြောထားပြီး အဲဒါတွေ တွေ့တာနဲ့ အရေးကြီးဆုံးက ဒီပစ္စည်းတွေကို တွေ့ရင် မထိဖို့၊ မကိုင်ဖို့၊ ဆက်မသွားဖို့နဲ့ တာဝန်ရှိသူတွေကို ပြောပြဖို့ အသိပေးသင့်ပါတယ်။ 

နောက်တစ်ခု သတိထားရမှာကတော့ သတိပေး ဆိုင်းဘုတ်တွေကို လိုက်နာဖို့ လိုပါတယ်။ ဦးခေါင်းခွံပုံ၊ အရိုးပုံ၊ အနီရောင် တြိဂံပုံ၊ ဒေသတွင်းရှိ အမှတ် အသား များ၊ သတိ၊ မိုင်းရှိသည် စတဲ့ သတိပေး ဆိုင်းပုတ်တွေကို သတိထားဖို့ လိုပါတယ်။ တွေ့ရင်လည်း ဆက်မသွားပဲ နောက်ပြန်ဆုတ်ဖို့ လိုပါတယ်။ 

ကလေးတွေကိုတော့ အကြောက်တရားရစေတာမျိုးထက် အန္တရာယ်ရှိတယ်ဆိုတာကို နားလည်ဖို့ ပညာပေးသင့် ပါတယ်။ 

အန္တရာယ်ကင်းဖို့ အတွက် ဆိုရင်  မြေ မြုပ်မိုင်း နှင့် အခြားပေါက်ကွဲစေနိုင်သော ပစ္စည်း များ ပညာပေးဖို့ အပြင် စစ်ဘေးရှောင်တဲ့ နေရာတွေ ပြန်သွားတဲ့အခါ ဒါမှမဟုတ် စစ်တပ်တွေ လှုပ်ရှားသွားလာခဲ့တဲ့ နေရာတွေ သွားတဲ့ အခါ အနီးဝန်းကျင်တွေကို လူကြီးတွေက သာ အရင်ဦးအောင် စစ်ဆေးသင့်ပါတယ်။ 

စစ်/တိုက်ပွဲ ဖြစ်ခဲ့ဖူးတဲ့နေရာ၊ စစ်တပ်/လက်နက်ကိုင်များ ခန်းချခဲ့တဲ့နေရာ၊ လမ်းဟောင်း/တံတားဟောင်း၊ စွန့်ပစ်ထားတဲ့ အဆောက်အအုံ တွေဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ပြီး ကလေးတွေ မသွားဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ဖို့လည်း အရေးကြီးပါတယ်။ 

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ဘေးအန္တရာယ်က ကင်းဝေးကြပါစေ။