မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်း စံချိန်သစ်တင်၊ အနောက်မြောက်နှင့် ရခိုင်ဒေသ အဆိုးဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

မြန်မာနိုင်ငံသည် ပဋိပက္ခ၊ ရေကြီးမှုနှင့် ၂၀၂၅ ခုနှစ် မတ်လ ငလျင်ဒဏ်တို့ကြောင့် ဖြစ်ပေါ်လာသော အကျပ် အတည်းမျိုးစုံကို ဆက်တိုက်ရင်ဆိုင်နေရပြီး လူသားချင်းစာနာထောက်ထားမှု အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဆိုးရွားနေသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ တစ်နိုင်ငံလုံးတွင် ပြည်တွင်းနေရပ်စွန့်ခွာရသူ (IDPs) အရေအတွက်မှာ ၃.၆ သန်း နီးပါးအထိ ရောက်ရှိခဲ့ရာ စံချိန်တင် အမြင့်ဆုံး အရေအတွက် ဖြစ်လာကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အထူးသဖြင့် အနောက်မြောက်၊ ရခိုင်နှင့် အရှေ့တောင်ပိုင်းဒေသများသည် ပဋိပက္ခဒဏ်ကို အဆိုးရွားဆုံး ခံစား နေရသည်။

အကြိမ်ကြိမ် ထွက်ပြေးတိမ်းရှောင်လာရသော မိသားစုများသည် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သန့်ရှင်းသောရေ စသည့် မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်သာ ရရှိနေသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီရင်ခံစာများတွင် မြန်မာနိုင်ငံအား ‘အလွန်အရေးကြီးသည့် စိုးရိမ်ဖွယ်ရာ’ အစာငတ်မွတ် မှုဒေသ (hunger hotspot) အဖြစ် ဆက်လက် သတ်မှတ်ထားဆဲဖြစ်သည်။

ရခိုင်ပြည်၊ အထူးသဖြင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် အာဟာရ အခြေအနေသည် အလွန်လျင် မြန်စွာ ဆိုးရွားလာဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ရခိုင် စစ်ရှောင်များအား အကူအညီပေးနေသူ တစ်ဦးက “စခန်းတွေမှာ အရင်ကထက် လူတွေ တိုးလာတာ အရမ်းသိသာတယ်။ အများစုက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ။ အစားအစာနဲ့ ဆေးဝါးထောက်ပံ့မှု တွေက မလုံလောက်တော့ဘူး။ တစ်ခါတလေဆို ရေရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေပါ ဖြစ်လာ မှာ စိုးရိမ်ရတယ်” ဟု ပြောသည်။

၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံသည် ပဋိပက္ခ အပြင်းထန်ဆုံး ဒုတိယနိုင်ငံ အဖြစ် သတ်မှတ်ခံခဲ့ရ ပြီး၊ ပဋိပက္ခဖြစ်ပွားသော နယ်မြေများတွင် အရပ်သားများ၏ အခြေအနေမှာ ဆက်လက်ဆိုးရွားနေသည်။

ပဋိပက္ခများအတွင်း မြေမြှုပ်မိုင်းနှင့် အခြားပေါက်ကွဲစေတတ်သည့် လက်နက်များကြောင့် ထိခိုက်မှုများမှာ လည်း ကြီးမားသော စိုးရိမ်စရာ ဖြစ်နေသည်။

UNOCHA ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ယင်းလက်နက်များကြောင့် အရပ်သား ၃၅၇ ဦး ထိခိုက်သေဆုံးခဲ့ရပြီး၊ ကလေးသူငယ်များမှာ ထိခိုက်သူစုစုပေါင်း၏ ၂၇ ရာခိုင်နှုန်း အထိ ပါဝင်နေသည်။

ထိုမျှ ကြီးမားသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို ရင်ဆိုင်နေရသော်လည်း ၂၀၂၅ ခုနှစ် တစ်နှစ်လုံး အတွက် လိုအပ်သည့် စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ ၁.၁ ဘီလီယံ ၏ ၁၅ ရာခိုင်နှုန်း ကိုသာ ယခုထိ ရရှိထားသေး သည်။

ရန်ပုံငွေ ပြတ်လပ်မှုသည် လိုအပ်နေသူ သန်းပေါင်းများစွာအား အသက်ကယ် အကူအညီများ ပေးပို့နိုင်ရေး အတွက် အကြီးအကျယ် ခြိမ်းခြောက်လျက်ရှိသည်။

UNOCHA က ပဋိပက္ခတွင် ပါဝင်သူအားလုံးအနေဖြင့် အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများကို နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေ (IHL) အရ ကာကွယ်ပေးရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်ထားသည်။