စစ်ကိုင်း မော်လိုက်၌ စခန်းသိမ်းပြီးနောက် စစ်ရေးတင်းမာမှု ဆက်ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်။

စစ်ကိုင်းတိုင်း၊ မော်လိုက် ရန်ကင်းတောင် စခန်းကုန်း သိမ်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ် ၆ ဦး သေဆုံးကာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်ဟု (Mawlaik Revolution) က ထုတ်ပြန်သည်။

မော်လိုက်မြို့နယ်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စစ်ကော်မရှင်တပ်၏ အရေးပါသော ရန်ကင်းတောင် စခန်းကုန်းကို တန်ပြန်ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး၊ ထိုတိုက်ပွဲနောက်ပိုင်းတွင် ဆွတ်နန်းကျေးရွာ ပတ်ဝန်းကျင်၌ စစ်ရေးတင်းမာမှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်ဟု ဆိုသည်။

မော်လိုက်မြို့နယ် အရှေ့ခြမ်း၊ ရန်ကင်းတောင်စခန်းကုန်းကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၉ ရက်နေ့မှ စတင် သိမ်းယူထားခဲ့ခြင်းဖြစ်သည်။ 

မော်လိုက်တော်လှန်ရေး အင်အားစုများ (Mawlaik Revolution) က ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၁၁ နာရီတွင် တန်ပြန်ထိုးစစ်ကို စတင်ခဲ့ပြီး တစ်နာရီအတွင်းမှာပင် စခန်းကုန်းကို အပြည့်အဝ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး ကျန်ရှိသူများမှာ အနီးအနားရှိ ဆွတ်နန်းကျေးရွာဘက် သို့ ဆုတ်ခွာထွက်ပြေးခဲ့ကြကြောင်း တော်လှန်ရေးအဖွဲ့များက ပြောသည်။

တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ စခန်းကုန်းကို နယ်မြေရှင်းလင်းရာတွင် စစ်ကော်မရှင်တပ် အတွက် အရေးကြီးသည့် လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရရှိခဲ့သည်။

Mawlaik Revolution က ထုတ်ပြန်ရာတွင် ရန်ကင်းတောင်စခန်းကုန်းကို သိမ်းပိုက်ရရှိပြီးနောက်၊ ၁၂၂ မမ ရှော့တိုက်ဒုံး ၇ လုံး အပါအဝင် သေနတ်မျိုးစုံနဲ့ ကျည်မျိုးစုံ ထောင်ချီပြီး သိမ်းဆည်းရရှိခဲ့ပါတယ်ဟု ဆို သည်။

မော်လိုက်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ ဒီရန်ကင်းတောင် စခန်းကုန်းဟာ ဆွတ်နန်းရွာက စစ်တပ်အထိုင်စခန်းရဲ့ ကာကင်း (အကာအကွယ် စခန်းငယ်) ဖြစ်တဲ့အတွက် စစ်ကော်မရှင်အတွက် အထိနာတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ် ဟု ဆိုသည်။

လက်ရှိ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ဆွတ်နန်းကျေးရွာ ပတ်ဝန်းကျင်တွင် စစ်ရေးတင်းမာမှုများ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။

အလားတူ တော်လှန်ရေး အင်အားစုများက ဆက်လက် ထိန်းချုပ်ထားနိုင်ရေး အတွက် နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေး အစီအမံများ ဆက်လက် လုပ်ဆောင်နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။