ထိုင်းမှာ ဖမ်းမိတဲ့ DJI ဒရုန်းတွေ ဘယ်လောက် အသုံးဝင်သလဲ။
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်။
လတ်တလော ဘန်ကောက်မြို့တွင် ထိုင်းအာဏာပိုင်များ သိမ်းဆည်းရမိခဲ့သော ဒရုန်းများအနက် တရုတ်နိုင်ငံထုတ် DJI (Mavic Series) ဒရုန်းများသည် စစ်မြေပြင်တွင် အသုံးများသည့် အဆင့်မြင့်ဒရုန်းများ ဖြစ်သည်။
အဆိုပါဒရုန်းများသည် ထိန်းချုပ်သူရှိသည့်နေရာမှ ၁၂ မိုင်အကွာအဝေးအထိ ပြတ်တောက်မှုမရှိဘဲ ပျံသန်းနိုင်သည့်အပြင်၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၁၉,၀၀၀ (၆,၀၀၀ မီတာ) အထိ မြင့်မားစွာ ပျံသန်းနိုင်သောကြောင့် မြေပြင်မှ သာမန်မျက်စိဖြင့် မမြင်နိုင်သလို အသံကိုလည်း မကြားနိုင်ပေ။
DJI ဒရုန်းများ၏ ကင်မရာမှန်ဘီလူးသည် ၂၈ ဆအထိ ဆွဲကြည့်နိုင်သောကြောင့် လူတစ်ဦး၏ လှုပ်ရှားမှုကို အဝေးမှ အသေးစိတ် ထောက်လှမ်းနိုင်ပါသည်။
အချို့အမျိုးအစားများတွင် အပူလှိုင်းဖမ်းကင်မရာ ပါဝင်သည့်အတွက် ညဖက်အမှောင်အတွင်းရှိ လူနှင့် ယာဉ်များ၏ အပူရှိန်ကို သိရှိနိုင်ပါသည်။
ထို့ပြင် အဆိုပါဒရုန်းများသည် ၀.၅ ကီလိုဂရမ်မှ ၂ ကီလိုဂရမ်အထိ အပိုပစ္စည်းများ သယ်ဆောင်နိုင်သောကြောင့် အောက်ခြေတွင် စက်ခလုတ်ငယ်များ တပ်ဆင်၍ ဗုံးကြဲယာဉ်အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါသည်။
တိကျကောင်းမွန်သော GPS စနစ်ကြောင့် ပစ်မှတ်ပေါ်သို့ တည့်တည့်ရောက်ရှိအောင် မောင်းနှင်နိုင်ပြီး ၎င်းတို့၏ ဘက်ထရီသက်တမ်းမှာ မိနစ် ၃၀ မှ ၄၅ မိနစ်အထိ ရှိသောကြောင့် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေးလုပ်ငန်းများအတွက် အလွန်ထိရောက်သော ကိရိယာများ ဖြစ်ကြပါသည်။