မာဒူရို ကို ဖမ်းဆီးပြီးနောက် ဗင်နီဇွဲလားတွင် တင်းမာမှုများ ဆက်ရှိနေ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။ 

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolás Maduro) ဖမ်းဆီးခံရပြီးနောက် နိုင်ငံအတွင်း တင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်က တိုက်ရိုက်စီမံခန့်ခွဲသွားမည်ဟု ကြေညာထားသော်လည်း၊ လက်ရှိတွင် ဒုတိယသမ္မတ ဒယ်လ်စီ ရော့ဒရီဂွက်ဇ် (Delcy Rodriguez) က ယာယီသမ္မတအဖြစ် ကျမ်းသစ္စာဆိုကာ တာဝန်ယူထားသည်။

မာဒူရို၏ လူယုံဖြစ်သူ ဒယ်လ်စီသည် မာဒူရိုကိုသာ တစ်ဦးတည်းသော တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားပြီး ၎င်းအား ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုနေသည်။

ဗင်နီဇွဲလားစစ်တပ်သည်လည်း ဒယ်လ်စီကို ယာယီခေါင်းဆောင်အဖြစ် ထောက်ခံထားပြီး အစိုးရယန္တရားကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ 

တစ်ဖက်တွင်လည်း သမ္မတဒေါ်နယ်ထရန့်က ယာယီသမ္မတသစ်အနေဖြင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပါက မာဒူရိုထက် ပိုမိုဆိုးရွားသော အကျိုးဆက်များ ကြုံတွေ့ရမည်ဟု သတိပေးခြိမ်းခြောက်ထားသည်။

မြို့တော် ကာရာကပ်စ်တွင် တိုက်ခိုက်မှုများကြောင့် လျှပ်စစ်မီးပြတ်တောက်မှုများ ရှိနေသော်လည်း စစ်တပ်က လုံခြုံရေးရယူထားသဖြင့် အခြေအနေမှာ တည်ငြိမ်သယောင်ရှိနေကြောင်း BBC သတင်းတွင် ဖော်ပြသည်။ 

ရှေ့ဆက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများတွင် မာဒူရိုနှင့် ဇနီးဖြစ်သူတို့သည် နယူးယောက်မြို့၌ မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် အကြမ်းဖက်မှုစွဲချက်များဖြင့် တရားရင်ဆိုင်ရမည်ဖြစ်သည်။ 

ထို့ပြင် သမ္မတထရန့်သည် အမေရိကန်ရေနံကုမ္ပဏီများကို စေလွှတ်၍ ဗင်နီဇွဲလား ရေနံလုပ်ငန်းမှ တစ်ဆင့် စစ်စရိတ်များ ပြန်လည်တောင်းခံရန် စီစဉ်နေသဖြင့် အာဏာဟောင်း အသိုင်းအဝိုင်းနှင့် အမေရိကန်တို့အကြား အာဏာလုပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိသည်။