ဘန်ကောက်တွင် ခွေးများကို မိုက်ခရိုချစ်ပ် တပ်ဆင်ရမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၇ ရက်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးရုံး (BMA) သည် ခွေးရူးရောဂါကာကွယ်ရန်နှင့် လမ်းဘေးခွေးများကို စနစ်တကျ ကြပ်မတ်နိုင်ရန်အတွက် အိမ်မွေးခွေးများနှင့် ကြောင်များကို မိုက်ခရိုချစ်ပ် (Microchip) ထည့်သွင်းပေးမည့် အစီအစဉ်ကို စတင်တော့မည် ဖြစ်ပါသည်။
စာရင်းသွင်းကာလမှာ ယခုမှစတင်၍ ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားသည်။
ဤစီမံကိန်းသည် တိကျသော အိမ်မွေးတိရစ္ဆာန်ဦးရေစာရင်း (Data) ရရှိရန်နှင့် ပိုင်ရှင်များအနေဖြင့် တာဝန်ခံမှုရှိလာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ယင်းအချက်အလက်များအပေါ် အခြေခံ၍ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သားကြောဖြတ်ခြင်း လုပ်ငန်းများကို ထိရောက်စွာ စီမံခန့်ခွဲသွားမည် ဖြစ်ပါသည်။
ဘန်ကောက်မြို့ ဒင်းဒန် (Din Daeng) ခရိုင်ရုံးဟောင်းနှင့် တိရစ္ဆာန်ဆေးခန်း (၈) ခုတို့တွင် တစ်ရက်လျှင် အကောင်ရေ ၅၀၀ (စာရင်းသွင်းထားသူ ၂၀၀ နှင့် တန်းစီစောင့်ဆိုင်းသူ ၃၀၀) ကို အခမဲ့ ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။
မြန်မာ အပါအဝင် နိုင်ငံခြားသားများအနေဖြင့်လည်း နိုင်ငံကူးလက်မှတ်၊ နေထိုင်ကြောင်း အထောက်အထား၊ အိမ်ရှင်၏ ခွင့်ပြုချက်နှင့် ကာကွယ်ဆေးမှတ်တမ်းများဖြင့် သွားရောက်လျှောက်ထားနိုင်ပါသည်။
အိမ်ထောင်စုတစ်ခုလျှင် တိရစ္ဆာန် ၄ ကောင်အထိ အခမဲ့ ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး၊ အခမဲ့အစီအစဉ် မဟုတ်ပါက ပုဂ္ဂလိကဆေးခန်းများတွင် ဘတ် ၅၀၀ မှ ၁၀၀၀ ခန့်ဖြင့် ထည့်သွင်းနိုင်ပါသည်။
မိုက်ခရိုချစ်ပ် ထည့်သွင်းထားခြင်း မရှိပါက ဥပဒေအရ အကာအကွယ်မရရှိခြင်း၊ အခမဲ့ဝန်ဆောင်မှုများ ဆုံးရှုံးခြင်းနှင့် တိရစ္ဆာန်ပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန် ခက်ခဲခြင်းစသည့် ဆိုးကျိုးများ ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားသည်။