အထက်တန်း ကျောင်းသူအား မုဒိမ်းပြုကျင့်သူတရားခံကို ဖမ်းမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၁၉ ရက်။
ရှမ်းပြည်၊ တောင်ကြီးမြို့ အထက်တန်းကျောင်းတစ်ကျောင်းမှ အသက် ၁၉ နှစ် အရွယ် ကျောင်းသူ တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် တရားခံကို ဖမ်းမိပြီဟု နီးစပ်သည့် ကျောင်းသား မိဘများက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၈) ၌ သစ်တောရပ်ကွက်၊ အနောက်ဘက် တောင်ကြီးဟိုတယ်လ် အနီးတွင် ဖမ်းမိခဲ့ပြီး အောင်မြေသစ် အထက်တန်းကျောင်းအုပ်၏ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုဇာနည်သွေး ဆိုသူက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ထိုကျောင်းတွင် အပ်နှံထားသည့် ကျောင်းသားမိဘ တစ်ဦးက “သူ့အမျိုးသမီးလည်း ကျောင်းမှာပဲ ဆရာမ လုပ်နေပါတယ်။ သူ့အမျိုးသမီးနဲ့တော့ မဆိုင်ပေမယ့် ကျမတို့ ကလေးကိုတော့ ဆက်ထားဖို့ စဉ်းစားနေပါ တယ်။ ပိုက်ဆံညှစ်ပြီး ပြုကျင့်တာဆိုတော့ တွေးကြည့်တာနဲ့တင် နှလုံးရောဂါ ရစရာပါ။ ကျောင်းသားမိဘ အားလုံး သတိထားစေချင်ပါတယ်” ဟု ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အမှတ် ၉၄ ကျန်းမာရေးရုံးလမ်းတွင် ဖွင့်လှစ်ထား သည့် အောင်မြေသစ် အထက်တန်းကျောင်းတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်၌ မုဒိမ်းမှု ဖြစ်ပွားခဲ့သည်ဟု ဆိုကြသည်။
ဖြစ်စဉ်မှာ ဖျားနာနေသည့် ကျောင်းသူတစ်ဦးက ၎င်း၏ အခန်း၌ ခေတ္တအနားယူနေစဉ် ကိုဇာနည်သွေးဆိုသူမှ ရောက်ရှိလာပြီး မဖွယ်မရာ ဓါတ်ပုံများရယူကာ သိန်း ၂၀ ပေးရမည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။
ထိုမှတဖန် ကျောင်းသူဖက်မှ အတူနေရန် ငြင်းဆန်သည်နှင့် တပြိုင်နက် ကိုဇာနည်သွေးက အဓမ္မပြုကျင့်ခဲ့ပြီး နောက်တိမ်းရှောင် ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။
ကျောင်းဝန်ထမ်းများနှင့် နီးစပ်သူ တစ်ဦးက “ကလေးမလေးက သားအိမ်ပေါက်တယ်လို့ ကြားတယ်။ ဆေးရုံမှာ ပဲ။ တချို့ကလေးတွေကိုတော့ မိဘတွေ ပြန်လာခေါ်သွားတယ်။ ကျောင်းက ဆက်ဖွင့်မှာပါ” ဟု ပြောသည်။
လက်ရှိတွင် ကျူးလွန်သူအား တောင်ကြီးမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး (ပ) ၁၅/၂၀၂၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် မိသားစုဝင်များက တရားစွဲဆိုထားသည်။
တောင်ကြီးမြို့တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု၊ မူးယစ်ဆေးမှုနှင့် မုဒိမ်းမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အများစုမှာ စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့မှ မဖမ်းဆီးနိုင်သည့် အပြင် လာဘ်ပေး လာဘ်ယူများလည်း ပြုလုပ်နေကြသည်ဟု မြို့ခံများက ပြောသည်။