ဂရင်းလန် ကျွန်း ကိစ္စ အမေရိကန် ရုတ်သိမ်းလိုက်သဖြင့် ဥရောပနှင့် တင်းမာမှု လျော့ကျ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၂ ရက်။
သမ္မတ ဒေါ်နယ်ထရန့်သည် ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်ကျွန်းကို ဝယ်ယူရန် တောင်းဆိုမှုကို လက်လျှော့လိုက်သည့်အပြင်၊ ဥရောပနိုင်ငံများအပေါ် ကောက်ခံရန် ပြင်ဆင်ထားသည့် သွင်းကုန်ခွန် တိုးမြှင့်မည့်အစီအစဉ်ကိုလည်း ပြန်လည်ရုပ်သိမ်းလိုက်သည်။
အဆိုပါ ဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့၌ ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခင်က သမ္မတထရန့်သည် ဂရင်းလန်ကျွန်းကို ရယူနိုင်ရန်အတွက် ဥရောပနိုင်ငံများအပေါ် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်။
၎င်းအခြေအနေကြောင့် ဥရောပသမဂ္ဂ (EU) ဘက်ကလည်း “Bazooka” ဟု အမည်ပေးထားသည့် ပူးပေါင်းတုံ့ပြန်မှုဖြင့် အမေရိကန်အပေါ် စီးပွားရေးအရ ပြန်လည်ပိတ်ဆို့ရန် ပြင်ဆင်ခဲ့ကြသည်။
သို့သော်လည်း သမ္မတထရန့်သည် နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေးနှင့် တွေ့ဆုံပြီးနောက် အာတိတ်ဒေသလုံခြုံရေးဆိုင်ရာ မူဘောင်သဘောတူညီချက်တစ်ခု ရရှိခဲ့သဖြင့် တင်းမာမှုများ ပြေလျော့သွားခြင်း ဖြစ်သည်။
ဂရင်းလန်ကျွန်းကို အမေရိကန်က ပိုင်ဆိုင်ခွင့်မရတော့သော်လည်း အဆိုပါကျွန်းပေါ်တွင် အမေရိကန်စစ်အခြေစိုက်စခန်းများ တိုးချဲ့တည်ဆောက်ရန် အလားအလာများ ရှိနေပါသည်။
ဤသို့ တင်းမာမှုများ လျော့ကျသွားခြင်းကြောင့် ကမ္ဘာ့စတော့ရှယ်ယာဈေးနှုန်းများလည်း ပြန်လည်မြင့်တက်လာခဲ့သည်။