အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့အကြား သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၈ ရက်။
အိန္ဒိယနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့အကြား နှစ်ပေါင်း ၂၀ ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရသည် “သဘောတူညီချက်များ၏ အချုပ်” (Mother of All Deals) ဟု တင်စားရမည့် ကုန်သွယ်ရေးသဘောတူညီချက်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
သဘောတူညီချက်ကြောင့် လူဦးရေ သန်းပေါင်း ၂,၀၀၀ ခန့် ရှိသော ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး ဇုန်ကြီးတစ်ခု ပေါ်ထွန်းလာမည်ဖြစ်သည်။
၎င်းသည် ကမ္ဘာ့စုစုပေါင်း ထုတ်ကုန်တန်ဖိုး (GDP) ၏ ၂၅ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်မှု၏ သုံးပုံတစ်ပုံခန့်အထိ အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် ဥရောပခေါင်းဆောင်များအကြား ချုပ်ဆိုခဲ့သော ဤစာချုပ်ကြောင့် ဥရောပပို့ကုန် ၉၇ ရာခိုင်နှုန်းအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်များကို လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ရာ တစ်နှစ်လျှင် ယူရို ၄ ဘီလီယံခန့် သက်သာခွင့် ရရှိမည်ဖြစ်သည်။
အထူးသဖြင့် ဥရောပမှ တင်ပို့သည့် မော်တော်ကား၊ ဝိုင်နှင့် အစားအသောက် ကုန်ပစ္စည်းများအပေါ် အခွန်နှုန်းထားများ အကြီးအကျယ် လျော့ကျသွားမည်ဖြစ်သည်။
တဖက်တွင်လည်း အိန္ဒိယ၏ အထည်အလိပ်၊ ကျောက်မျက်နှင့် ဝန်ဆောင်မှုကဏ္ဍများအတွက်လည်း ဥရောပ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများကို ရရှိမည့် အခွင့်အလမ်းများ ပွင့်လင်းလာခဲ့သည်။
ထို့ပြင် ကျောင်းသားများ၊ ပညာရှင်များနှင့် ကျွမ်းကျင်လုပ်သားများ အပြန်အလှန် သွားလာနိုင်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်ဟု ဆိုသည်။
ဤသဘောတူညီချက်သည် အိန္ဒိယအနေဖြင့် ရုရှားအပေါ် စစ်ရေးအရ မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းချိန်နှင့် ဥရောပကလည်း အမေရိကန်အပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။