စစ်ကော်မရှင် ဝါဒဖြန့်အကောင့် ၂၇၀ ကျော်ကို Facebook ထပ်မံဖယ်ရှား
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်။
စစ်ကော်မရှင်၏ စီးပွားရေးလုပ်ငန်းများနှင့် ဝါဒဖြန့်ချိရေးတွင် အသုံးပြုနေသည့် Facebook အကောင့်၊ ဂရု (Group) နှင့် ပရိုဖိုင်း (Profile) စုစုပေါင်း ၂၇၀ ကို Facebook ၏ မိခင် ကုမ္ပဏီဖြစ်သော Meta ကုမ္ပဏီက လူမှုကွန်ရက်စာမျက်နှာပေါ်မှ ထပ်မံဖယ်ရှား လိုက်သည်။
ယခုလုပ်ဆောင်ချက်သည် စစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများနှင့် မီဒီယာများကို ပိတ်ပင်သည့် Meta ၏ မူဝါဒအရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဖယ်ရှားခံရသည့်အထဲတွင် စစ်ခေါင်းဆောင်မိသားစုနှင့် ဆက်နွှယ် နေသည့် မိုင်တဲလ် (Mytel) ထုတ်ကုန်များ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်ကဲ့သို့သော အဓိကစီးပွားရေးဒေါက်တိုင်များ ပါဝင်နေသည်။
ထို့အပြင် ပြင်ဦးလွင်ရှိ နန်းမြိုင်ကဖီးနှင့် Indoor Skydiving ကဲ့သို့သော အပန်းဖြေလုပ်ငန်းများနှင့် ဆက်စပ် သည့် အကောင့်များကိုလည်း ပိတ်ပင်ခဲ့သည်ဟု Justice For Myanmar (JFM) က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ယခုအကောင့်များသည် မြန်မာနိုင်ငံအတွင်း ကျူးလွန်နေ သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ငွေကြေးအရ သော်လည်း ကောင်း၊ ဝါဒဖြန့်ချိရေးအရသော်လည်းကောင်း ပံ့ပိုးကူညီနေသည့် လုပ်ငန်းများဖြစ်သည်ဟု Justice For Myanmar (JFM) က ထုတ်ပြန်သည်။
JFM ၏ တိုင်ကြားချက်ကြောင့် ဖယ်ရှားခံရသည့်အထဲတွင် ‘A Light for Justice 3’၊ ‘News Service Station’ နှင့် ‘Myanmar Information Community’ ကဲ့သို့သော စစ်တပ်ဝါဒဖြန့်အကောင့်များလည်း ပါဝင်သည်။
JFM က “အဆိုပါအကောင့်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ပြစ်ဒဏ်ခံရခြင်းကင်းလွတ်စွာဖြင့် ကျူးလွန်လျက်ရှိသည့် စစ်တပ်ကို ပံ့ပိုးကူညီခဲ့သည့်အကောင့်များ ဖြစ်သည်” ဟု ဆိုသည်။
ထို့အပြင် Alphabet (Google)၊ Apple၊ TikTok နှင့် Telegram တို့အနေဖြင့်လည်း စစ်ကော်မရှင်၏ စီးပွားရေး နှင့် ဝါဒဖြန့်အကောင့်များကို ချက်ချင်းပိတ်ပင်ရန် JFM က ဆက်လက်တောင်းဆိုထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း မိုင်တဲလ်ကုမ္ပဏီနှင့် ပတ်သက်သည့် အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Facebook က ဖယ်ရှားခဲ့သလို၊ ဒီဇင်ဘာလအတွင်းကလည်း Youtube နှင့် X (Twitter) အပါအဝင် အခြား နည်းပညာ ကုမ္ပဏီများက စစ်တပ်ဝါဒဖြန့် အကောင့်များကို အရှိန်အဟုန်ဖြင့် ဖယ်ရှားခဲ့ကြသည်။