ထိုင်း-မြန်မာနယ်စပ် ဖလူးဒေသတွင် စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးများ ဖြင့် တိုက်ခိုက်

သတင်းနှင့် မီဒီယာာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။ 

ထိုင်း-မြန်မာနယ်စပ် အနီး မဲဆောက်မြို့ တဘက်ကမ်း မင်းလက်ပံနှင့် ဖလူး ကျေးရွာများအနီး တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်က ပြင်းအားမြင့် ဗုံးများဖြင့် ကြဲချ တိုက်ခိုက်သဖြင့် ထိုင်းနိုင်ငံ ဘက်ခြမ်းတွင်ပါ တုန်ခါမှုများ ဖြစ်ခဲ့ရသည်ဟု ထိုင်းသတင်းမီဒီယာများက ဖော်ပြကြသည်။ 

ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ခြမ်းရှိ ဗျူဟာအရ အရေးပါသော မင်းလက်ပံနှင့် ဖလူးကျေးရွာများဘက်သို့ စစ်ကော်မရှင်တပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင် သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုထဲ ပေါက်ကွဲမှုဒဏ်ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့ရှိ နေအိမ်များပါ တုန်ခါသွားခဲ့ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြကြသည်။

ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာများ အသုံးပြုကာ ပေါင် ၅၀၀ ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

မြေပြင်ထိုးစစ်များတွင် ၃ လကျော်ကြာသည့်တိုင် ရှေ့မတိုးနိုင်ဘဲ အကျအဆုံးများနေခြင်းကြောင့် ယခုကဲ့သို့ လေကြောင်းပစ်ကူကို အပြင်းအထန် အသုံးပြုလာခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

မြေပြင် သတင်းရင်းမြစ်တစ်ဦးက မနက်ပိုင်းကတည်းက လေယာဉ်က လေးကြိမ်ထက်မနည်း လာကြဲတာ။ လက်နက်ကြီးတွေကလည်း ၁၂၀ မမ တွေနဲ့ ရမ်းပစ်နေတာ။ မြေပြင်ကနေ သူတို့တက်လို့မရလို့ လေယာဉ်နဲ့ တရစပ်လာကြဲနေတာဟု ပြောသည်။

စစ်ကော်မရှင်တပ်သည် မြဝတီတောင်ပိုင်းတွင် လက်လွှတ်ခဲ့ရသော တပ်စခန်းများကို ပြန်လည်ရရှိရန် ၂၀၂၅ ခုနှစ် အောက်တိုဘာလကတည်းက စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ 

သို့သော် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်များ၏ အဓိကခံစစ်စည်းဖြစ်သော မင်းလက်ပံကျေးရွာအနီးတွင် ပိတ်ဆို့ခံထားရခြင်းကြောင့် လက်ရှိအချိန်အထိ နယ်မြေအသာစီး မရသေးဘဲ ဖြစ်နေသည်။

မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာတစ်ဦးက ကျနော်တို့ နေတဲ့နေရာကနေပါ ကြားနေရတာ။ ထိုင်းသတင်း မှာလည်း ပါတယ်လေ။ အိမ်တွေတုန်ကုန်တာ၊ ကျည်တွေ အိမ်နံရံတွေလာတာ အခုတလောက တောက်လျှောက် ပဲ ဖြစ်နေတာ။ ညဘက်တွေဆိုလည်း လက်နက်ကြီးသံတွေ ခဏခဏကြားရတယ်၊ ဒီနေ့ကတော့ အကြမ်းဆုံး ပဲ” ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ဖလူး၊ မင်းလက်ပံနှင့် လေးကေကော် အပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၅,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

၎င်းတို့သည် လနှင့်ချီကာ စစ်ဘေးရှောင်နေရခြင်း ဖြစ်သဖြင့် အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ အခက်အခဲ များဖြင့် ရင်ဆိုင်နေရကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း အကူအညီပေးနေသူများက ပြောသည်။