အင်္ဂလန် အသင်းတော်ရဲ့ အကြီးအကဲကို ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးကို ခန့်အပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
အင်္ဂလန်အသင်းတော်ရဲ့ အကြီးအကဲ Archbishop of Canterbury (ကန်တာဘာရီ ဂိုဏ်းချုပ်ဆရာတော်ကြီး) အဖြစ် Bishop Sarah Mullally (ဘိရှော့ ဆာရာ မူလာလီ)ကို လန်ဒန်မြို့၊ စိန့်ပေါလ် ကာသီဒရယ် ဘုရားကျောင်းကြီးမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က တရားဝင်အတည်ပြု ခန့်အပ်ခဲ့ပါတယ်။
ဘိရှော့ ဆာရာ ဟာ အင်္ဂလန်အသင်းတော်ရဲ့ ၁၀၆ ပါးမြောက် ဂိုဏ်းချုပ်ဆရာတော်ဖြစ်လာပြီး ဒီရာထူးကို ရရှိတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပါတယ်။
သူမဟာ အင်္ဂလန်အသင်းတော်တင်မကဘဲ တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်္ဂလိကန်ဘာသာဝင် ၈၅ သန်းလောက်ရဲ့ ဝိညာဉ်ရေးရာအကြီးအကဲလည်း ဖြစ်လာပါတယ်။ ဒါဟာ ရိုမန် ကက်သလစ် အသင်းတော်က ပုပ်ရဟန်းမင်းကြီးလို ရာထူးမျိုး ဖြစ်ပါတယ်။
ဒီအသင်းတော်ရဲ့ အသင်းဝင်တွေကို အင်္ဂလန် နိုင်ငံမှာ အင်္ဂလန် အသင်းတော်လို့ ခေါ်ပြီး ကျန်ကမ္ဘာ အနှံ့က အသင်းဝင်တွေကိုတော့ အင်္ဂလိကန် အသင်းတော်လို့ ခေါ်ပြီး နိုင်ငံအလိုက် သာသနာပိုင်တွေက ဦးဆောင်ပါတယ်။
ဒါပေမယ့် အင်္ဂလန် နိုင်ငံမှာရှိတဲ့ အင်္ဂလန် အသင်းတော်ရဲ့ ကန်တာဘာရီ ဆရာတော်ကြီးကတော့ အင်္ဂလန် အသင်းတော်ရဲ့ ဂိုဏ်းချုပ် ဆရာတော်ကြီး ဖြစ်ပြီး ကျန် အင်္ဂလိကန် အသင်းတော်တွေရဲ့ ဝိညာဉ်ရေးရာ အကြီးအကဲ ဖြစ်ပါတယ်။
ဘိရှော့ ဆာရာဟာ အမှုတော်ဆောင်လုပ်ငန်းတွေကို လာမယ့် မတ်လ၊ Canterbury Cathedral မှာ ကျင်းပမယ့် ဘိသိက်ခံပွဲ (Enthronement) အပြီးမှာ စတင်မှာ ဖြစ်ပါတယ်။
သူမဟာ အရင်က အင်္ဂလန်နိုင်ငံရဲ့ သူနာပြုအရာရှိချုပ် (Chief Nursing Officer) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
အင်္ဂလန်အသင်းတော် သက်တမ်းတစ်လျှောက် နှစ်ပေါင်းရာနဲ့ချီပြီး ဒီအမြင့်ဆုံးရာထူးကို အမျိုးသားတွေပဲ ဆက်ခံခဲ့တာပါ။ အခု စာရာ မူလာလီ တက်လာတာဟာ အင်္ဂလိကန်လောကမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အမြင့်ဆုံးအဆင့်ကို ရောက်ရှိသွားတာကို ပြသနေပါတယ်။
သူမဟာ ရာထူးလက်ခံစကားမှာ အသင်းတော်အတွင်း အရင်ကဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု ခံရသူတွေရဲ့ အသံကို နားထောင်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါဟာ အရှုပ်တော်ပုံတွေကြောင့် နာမည်ပျက်ခဲ့ရတဲ့ အသင်းတော်ရဲ့ ပုံရိပ်ကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားတဲ့ ခြေလှမ်းသစ်တစ်ခု ဖြစ်ပါတယ်။
သူမဟာ အင်္ဂလန်တင်မကဘဲ ကမ္ဘာတစ်ဝန်းက အင်္ဂလိကန်အသင်းတော်တွေရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အတွက်၊ အမျိုးသမီး သိက္ခာတော်ရဆရာတွေကို လက်မခံသေးတဲ့ ရှေးရိုးစွဲနိုင်ငံတွေနဲ့ အသင်းတော်တွေကြားမှာ ဘယ်လို စည်းလုံးမှုကို တည်ဆောက်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
သူမကို အကြီးအကဲ ခန့်အပ်မှုကို ရှေးရိုးစွဲ အဖွဲ့အချို့က ကန့်ကွက်နေကြဆဲ ဖြစ်ပါတယ်။