တောင်ကြီး အားကစားကွင်းဘေး ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
ရွေးကောက်ပွဲအပြီး တောင်ကြီး အားကစားကွင်းဘေးရှိ ဆိုင်ခန်း ၁၀၀ ကျော် ဖယ်ရှားရန် ဝန်ကြီးချုပ်က ထပ်မံ ဖိအားပေးလိုက်သည်။
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း ပတ်ပတ်လည်ရှိ နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် စစ်ကော်မရှင်ခန့် ပြည်နယ်ဝန်ကြီးချုပ်က တတိယအကြိမ်မြောက် သတိပေး ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
အဆိုပါ သတိပေးညွှန်ကြားချက်ကြောင့် ဆိုင်ခန်းရှင်များ အခက်တွေ့နေကြသည်။
နှစ်ပေါင်း ၂၀ ကျော်ကြာ ရောင်းချလာသည့် ဆိုင်ခန်းရှင်တစ်ဦးက “အခုရောင်းနေတဲ့ ဘောလုံးကွင်းဘေး ဆို တာက မြို့ထဲ၊ အလယ်တည့်တည့် အချက်အချာကျတာပေါ့။ ပြန်ပေးတာက မြို့စွန် ဟိုးရှမ်းကွင်းဘေး နေရာ တွေ။ အဲနား ဘယ်သူမှ မရောက်ဘူး။ ပြန်ပေးတာကလည်း ဖြစ်သလိုပါ။ ဟိုလိုကြီး နင်ကတော့ ပေဘယ် လောက်ရမယ် ဆိုတာမျိုး မဟုတ်ဘူး။ အားလုံး ဦးရာလူ ဖြစ်သလို ချနေကြတာ” ဟု ပြောသည်။
စစ်ကော်မရှင် လက်အောက်ခံ စည်ပင်သာယာရေး ဝန်ကြီးဌာန၏ အဆိုပါ ညွှန်ကြားချက်ကြောင့် ဆိုင်ခန်းနေရာ ရွှေ့ပြောင်းရေးနှင့် ပြန်လည်နေရာချထားရေးတို့ အတွက် အာမခံချက်မရှိဘဲ ဖြစ်သလို နေရာချပေးမှုများအပေါ် လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
ဖယ်ရှားခံရမည့် ဆိုင်ခန်းစာရင်းတွင် စားသောက်ဆိုင်၊ စတိုးဆိုင်၊ ကိတ်ဆိုင်၊ အထည်ဆိုင်နှင့် မော်တော်ယာဉ် အပိုပစ္စည်းဆိုင်များ ပါဝင်ပြီး အများစုမှာ ပျမ်းမျှ သက်တမ်း ၂၅ နှစ်ခန့် ရှိပြီဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းမှုဒဏ်ကို အရင်းကျေရုံမျှဖြင့် ရုန်းကန်နေရသည့် ဆိုင်ခန်းရှင် များအတွက် ယခုကဲ့သို့ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုမှာ ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်။
မော်တော်ယာဉ်အပိုပစ္စည်းဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက “ဒီကာလ ရွှေ့မယ်ဆိုရင် ဆိုင်ခန်းအသစ်ဆောက်ဖို့ ဘာ ညာခဏထား။ ရွှေ့တဲ့စရိတ်နဲ့တင် မနည်းဘူးလေ။ ဒီတခေါက်စာထုတ်တာတော့ တကယ်ဆော်မယ့် အထာပဲ။ ဘူဒိုဇာနဲ့ ထိုးဖျက်မယ်လို့လည်း လာပြောသွားတယ်” ဟု ပြောသည်။
အဆိုပါနေရာတွင် ရေကူးကန်၊ လူငယ်စင်တာနှင့် ကြက်တောင်ကွင်းများ တည်ဆောက်ရန် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လျာထားခြင်း ဖြစ်သည်။
ဇန်နဝါရီလလယ်ပိုင်းက ဆိုင်ခန်းဖျက်သိမ်းမည့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားခဲ့သော်လည်း ရွေးကောက်ပွဲ အပြီးတွင် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သူများက ဆိုသည်။
“အစက စာဝိုင်းတင်တော့ သူက မဖျက်တော့ဘူးဆိုပြီး လုပ်လိုက်သေးတယ်။ ဒီရွေးကောက်ပွဲ ရှေ့ကပေါ့။ နောက်ကျတော့ PNO ကို ရှုံးလို့လားမသိဘူး။ ဖျက်မယ်ဆိုပြီး ထပ်ကြေညာလိုက်တာ။” ဟု ဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် Non-CDM ဝန်ထမ်း တစ်ဦးက ပြောသည်။
ဝန်ကြီးချုပ် ဦးအောင်အောင်သည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း တင်ဒါခေါ်ယူမှုများတွင် လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း ဆောက်လုပ်ရေးကုမ္ပဏီများနှင့် နီးစပ်သူများအကြား ဝေဖန်မှုများ ထွက်ပေါ် နေသည်။
လက်ရှိတွင်လည်း ဦးအောင်အောင် တင်ဒါပေးခဲ့သည့် ကုမ္ပဏီများက တည်ဆောက်ထားသော ကားကြီးကွင်း ဘေးရှိ ဆိုင်ခန်းသစ်များသို့ လုပ်ငန်းရှင်များအား ရွှေ့ပြောင်းစေခြင်းဖြင့် ကိုယ်ကျိုးစီးပွား ရှာဖွေနေခြင်းဖြစ်သည် ဟု ဒေသခံများက ယူဆနေကြသည်။
စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နှင့် ဇန်နဝါရီလ ၅ ရက်နေ့တို့တွင် နှစ်ကြိမ်တိုင်တိုင် သတိပေးခဲ့ပြီး ဖြစ်သော်လည်း ဆိုင်ခန်းရှင်များ လိုက်နာမှုမရှိသဖြင့် ယခု တတိယအကြိမ် မြောက် သတိပေးမှုမှာ နောက်ဆုံးဖြစ်ပြီး မလိုက်နာပါက အတင်းအကျပ် ဖယ်ရှားမည်ဟု ဆိုသည်။