ထိုင်းရွေးကောက်ပွဲနေရာအချို့တွင် လူထုက မဲပြန်ရေတွက်ရန် တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
ထိုင်းနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ အိမ်စောင့်အစိုးရ အာဏာရပါတီဖြစ်သည့် “ဖုန်ကျိုင်ထိုင်း” (Bhumjaithai) ပါတီက နေရာအများစုတွင် အနိုင်ရရှိခဲ့သည်။ သို့သော် အချို့ဒေသများတွင် မဲမသမာမှုများ ရှိသည်ဟုဆိုကာ မဲပြန်လည်ရေတွက်ရန် ဆန္ဒပြတောင်းဆိုမှုများ ပေါ်ပေါက်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ အမျိုးသား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင် (NACC) က ပြည်သူ့ပါတီ (People’s Party) ၏ ခေါင်းဆောင် ၄၄ ဦးသည် ယခင် Move Forward ပါတီတွင်ရှိစဉ်က ဘုရင်ကို အကြည်ညိုပျက်စေမှု ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်။
ထိုသူများထဲတွက် လက်ရှိ People’s Party ၏ ခေါင်းဆောင်များဖြစ်ကြသော ဖိထာ လင်ဂျာရွန်ရတ်၊ နတ်သဖုန်း ရီယွန်ပန်ယားဝတ် နှင့် ဆီရိကန်ညာ တန်စကူးလ် အပါအဝင် ခေါင်းဆောင် အများအပြား ပါဝင်သည်။
၎င်းတို့သည် တရားစွဲဆိုခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပါက နိုင်ငံရေးလောကမှ ရာသက်ပန် အပယ်ခံရမည့် အခြေအနေရှိနေသည်။