ထိုင်းနိုင်ငံ တောင်ပိုင်း စာသင်ကျောင်းတစ်ခုအတွင်း ပစ်ခတ်မှုနှင့် ဓါးစာခံဖမ်းဆီးမှု ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆောင်ခလာခရိုင်၊ ဟတ်ရိုင်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ဖေဖော်ဝါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က သေနတ်ပစ်ခတ်မှုနှင့် ဓားစာခံဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။
အသက် ၁၇ နှစ်အရွယ် သေနတ်သမားသည် ၎င်း၏မိခင်အား ရန်ပြုရန် ကြိုးပမ်းနေစဉ် ရဲတပ်ဖွဲ့က တားဆီးရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ M4 ရိုင်ဖယ်သေနတ်ကို လုယူကာ ကျောင်းဝင်းအတွင်းသို့ ထွက်ပြေးဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။
သေနတ်သမားသည် ကျောင်းအတွင်း၌ စိတ်လှုပ်ရှားခြောက်ခြားစွာဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားအချို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသမီးဆရာမတစ်ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။
ရဲတပ်ဖွဲ့နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များက ကျောင်းဝင်းကို ပိတ်ဆို့ကာ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ရင်ဘတ်နှင့် ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည့် ကျောင်းအုပ်ဆရာမကြီးသည် ဟတ်ရိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သော်လည်း၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ကိုယ်တွင်းဒဏ်ရာနှင့် သွေးထွက်လွန်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးမှာလည်း ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ကာ ခွဲစိတ်ကုသမှု ခံယူနေရသည်။ သေနတ်သမားအား ဖျောင်းဖျနားချရန် ကြိုးပမ်းမှု မအောင်မြင်သဖြင့် နောက်ဆုံးတွင် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ၎င်းမှာ ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရသည်။