ထိုင်းကမ္ဘောဒီးယား ပင်လယ်ပြင် ဖြေရှင်းရေး သဘောတူညီချက်ကို ထိုင်း ပယ်ဖျက်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ဖုန်ကျိုင်ထိုင်း (Bhumjaithai) ပါတီခေါင်းဆောင်၊ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် အနူတင် ချာန်ဗီရာကူးလ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် ချုပ်ဆိုထားသည့် MoU 44 နယ်စပ်သဘောတူညီချက်ကို ပယ်ဖျက်ရန် အစိုးရအဖွဲ့ကို အရေးပေါ် ညွှန်ကြားလိုက်သည်။
အဆိုပါ သဘောတူညီချက်မှာ ၂၅ နှစ်ကြာလာသည်အထိ ပင်လယ်ပြင်သယံဇာတ ခွဲဝေရေးတွင် တိုးတက်မှုမရှိခြင်းကြောင့် ပယ်ဖျက်ရခြင်းဖြစ်ပြီး၊ ခေတ်မီဂြိုဟ်တုမြေပုံစနစ်များကို အခြေခံသည့် MoU 69 အသစ်ဖြင့် အစားထိုးရန် စီစဉ်နေခြင်း ဖြစ်သည်။
(မှတ်ချက်။ ။ ၄၄ နှင့် ၆၉ ဆိုသည်မှာ သဘောတူညီချက် ချုပ်ဆိုသည့် ထိုင်းသာသနာသက္ကရာဇ် ၂၅၄၄ နှင့် ၂၅၆၉ တို့ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယခုနှစ်မှာ ၂၅၆၉ ခုနှစ် ဖြစ်သည်။)
သို့သော် ဤလှုပ်ရှားမှုသည် အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် “ရွေးကောက်ပွဲ မဲမသမာမှု” စွပ်စွဲချက်များမှ လူထုအာရုံကို လွှဲပြောင်းရန် ကြိုးပမ်းမှုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
မဲစာရင်းမှားယွင်းမှုများအတွက် ဒေါသထွက်နေသည့် လူထုသည် အနူတင်က “အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်” ကို ရှေ့တန်းတင်လိုက်သည့်အခါ နယ်စပ်အငြင်းပွားမှုကိစ္စဘက်သို့ အာရုံရောက်ရှိသွားခဲ့သည်။
လက်ရှိတွင် အိမ်စောင့်အစိုးရအနေဖြင့် အချုပ်အခြာအာဏာဆိုင်ရာ ဆုံးဖြတ်ချက်များတွင် အကန့်အသတ်ရှိသော်လည်း၊ အနူတင်သည် ၎င်းဝန်ကြီးချုပ်အဖြစ် တက်ရောက်လာပါက MoU 44 ပယ်ဖျက်ရေးကို အဓိကဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်သည်။