ကဗျာ ဆရာ ဝင်းမြင့် ကွယ်လွန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်။ 

‘စိတ်ဆိုတာ ကျယ်ပြောပြန့်ကားပေမယ့် ရုပ်ဆိုရင် ပေါက်ကွဲထိရှလွယ်တယ်’ ဟု ရေးဖွဲ့ခဲ့သော ခေတ်ပြိုင် ကဗျာဆရာ ဝင်းမြင့်သည် သူချစ်မြတ်နိုးသော ကဗျာကောင်းများစွာကို ချန်ရစ်ကာ ဘဝတစ်ပါးသို့ ကူးပြောင်း သွားခဲ့ပြီ ဖြစ်သည်။ 

ကဗျာဆရာဝင်းမြင့်၏ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းတွင် ပုသိမ်မြို့၊ သရောင်း ချောင်း သုဿန်သို့ ပို့ဆောင်၍ မီးသင်္ဂြိုဟ်ခဲ့ကြသည်။

ကွယ်လွန်သူ ကဗျာဆရာဝင်းမြင့်၏ နောက်ဆုံးခရီးသို့ ပုသိမ်မြို့ခံ မိတ်ဆွေများ၊ ကဗျာချစ်မြတ်နိုးသူများနှင့် အတူ ရန်ကုန်မြို့မှ ရောက်ရှိလာကြသော အနုပညာမိတ်ဆွေများ၊ ကဗျာဆရာများက လိုက်ပါပို့ဆောင် ဂုဏ်ပြုခဲ့ ကြသည်။ 

ဆရာနှင့် ညီအစ်ကိုရင်းချာကဲ့သို့ နှစ်ရှည်လများ အတူနေထိုင်ခဲ့သူ ကဗျာဆရာတစ်ဦးက ဆရာဝင်းမြင့်၏ ကဗျာခရီးစဉ်အပေါ် ယခုကဲ့သို့ မှတ်ချက်ပြုသည်။

ဝင်းမြင့်က ကဗျာကောင်းတွေအများချန်ထားပြီး သေသွားပြီ။ ကဗျာလောကကြီးကတော့ ကဗျာဆရာတွေ တစ်ယောက်ပြီးတစ်ယောက် ဆုံးပါးသွားပေမယ့် ကဗျာရေစီးကြောင်းက ဘယ်တော့မှမရပ်တန့်သွားပါဘူး။ အမြဲရှင်သန်နေမှာပါ။

ဆရာဝင်းမြင့်သည် ၁၉၉၅ ခုနှစ်က “ပဲ့တင်” ကဗျာဖြင့် ဖြူးမိတ်ဆွေများစာကြည့်အသင်း စာပေဆုကို ရရှိခဲ့သူ ဖြစ်ပြီး ကဗျာစုပ်ယူဖန်တီးနိုင်စွမ်း အားကောင်းသူအဖြစ် အနုပညာအသိုင်းအဝိုင်းက အသိအမှတ်ပြုကြသည်။ 

ပဲ့တင်
###
မိုးအညို့မှာ
အိပ်တန်းပြန်တဲ့ဌက်အုပ်ကို
စိတ်နဲ့
ပစ်ချကြည့်မိတယ်။
ကိုယ့်အပေါ်အကုသိုလ်တွေ
ဘယ်လောက်ပြုတ်ကျလာမလဲလို့။
တိုးတိုးဖော်ရယ်
စိတ်ဆိုတာကျယ်ပြောပြန့်ကားပေမယ့်
ရုပ်ဆိုရင်ပေါက်ကွဲထိရှလွယ်တယ်။
နံရံရှိရင်တော့
ပဲ့တင်ထပ်စမြဲမဟုတ်လား။
မိုးတိမ်တွေရေ
ငါ့အော်သံတွေပြန်မလာတော့ဘူးလား
ငါ့နားတွေလိုက်လာခဲ့ပြီ။                
               ဝင်းမြင့်
၁၉၉၅ စက်တင်ဘာ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း

ရန်ကုန်မှ ကဗျာဆရာတစ်ဦးကလည်း ဆရာ့အနုပညာအပေါ် ယခုကဲ့သို့ ဆိုသည်။

သူက ကဗျာစုပ်ယူအားကောင်းတာပေါ့နော်။ ဖြတ်ကနဲမြင်တာတစ်ခုကို ကဗျာအဖြစ် ဖန်တီးနိုင်စွမ်း အား ရှိတယ်။ အဲဒါကလည်း ကပြက်ကချော်မဟုတ်ဘူး။ နှစ်ကြောင်းထဲဖြစ်စေ၊ ကဗျာရှည်တစ်ပုဒ်ပဲဖြစ်စေ ရသ မြောက်တယ်၊ ကဗျာအရာ မြောက်တယ်။

ဆရာသည် သွေးတိုးနှင့် နှလုံးရောဂါအခံရှိသော်လည်း ဆရာဝန်နှင့် ပြသခြင်းမရှိဘဲ နေ့စဉ် သမထကျင့်စဉ်ကိုသာ အားထုတ်လေ့ရှိကြောင်း နီးစပ်သူများက ဆိုသည်။ 

ဆရာကွယ်လွန်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တူဖြစ်သူ ကိုထက်ဝေယံက ယခုကဲ့သို့ ပြောပြသည်။

အဲဒီနေ့ကတော့ အမေနဲ့အဖေက ဆေးခန်းသွားမှာမို့ သူကအိမ်စောင့်ရင်း အပေါ်ထပ်သူ့အခန်းမှာ နေခဲ့တာ။ ဆေးခန်းပိတ်လို့ အမေတို့က ခဏ ပြန်လာတော့ မောင်လေး သွားချင်သွားတော့ဆိုပြီးပြောတာ ဘာသံမှ မကြားလို့ အပေါ်တက်ကြည့်မှ ကုတင်ပေါ်မှာ လှဲရက်နဲ့ အသက်မရှိတော့တာ တွေ့ရတာ။ အိပ်နေတဲ့ အတိုင်း လေးပါပဲ။

သရောင်းချောင်းသုဿန်တွင် ပြုလုပ်သည့် နောက်ဆုံးခရီးစဉ်တွင် ကဗျာဆရာ မောင်ပြည့်မင်းက နှုတ်ဆက် စကား ပြောကြားခဲ့ပြီး၊ အနုပညာရှင် ရင်အေးက တယောထိုး၍လည်းကောင်း၊ ပုသိမ်နှင့် ရန်ကုန်မှ ကဗျာဆရာ များက ကဗျာရွတ်ဆို၍လည်းကောင်း ကဗျာဆရာတစ်ဦး၏ နောက်ဆုံးခရီးကို နှုတ်ဆက်ခဲ့ကြသည်။

ကဗျာဆရာဝင်းမြင့်သည် ၁၉၆၈ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့ပြီး၊ ၁၉၉၅ ခုနှစ်တွင် ‘ပဲ့တင်’ ကဗျာဖြင့် စာပေဆု ရရှိခဲ့ကာ၊ ၂၀၁၂ ခုနှစ်တွင် ‘နိုင်ငံတော်မျှော်ခြင်း’ ကဗျာဖြင့် အလယ်ရိုးမ ကဗျာဆုကို ထပ်မံရရှိခဲ့သည်။ 

ကွယ်လွန်ချိန်အထိ တစ်ကိုယ်တော် လုံးချင်းကဗျာစာအုပ် ၁၃ အုပ် အပါအဝင် စုစုပေါင်းစာအုပ် ၁၉ အုပ် ထွက်ရှိခဲ့ကာ နောက်ဆုံးစာအုပ်မှာ ၂၀၂၄ ခုနှစ်တွင် ထွက်ရှိသည့် ‘နှင်းမှုန်ရည်ကြွယ်’ ဖြစ်သည်။ 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် ပုသိမ်မြို့ နေအိမ်၌ အေးချမ်းစွာ ကွယ်လွန်သွားခြင်း ဖြစ်သည်။