ဖလမ်းမြို့နယ်တွင် စစ်ကော်မရှင် တပ်စခန်းကို ချင်းတော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်။
ချင်းပြည်၊ ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်း တပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်တပ်ဘက်မှ အကျအဆုံးများသည့်အပြင် လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိထားကြောင်း စစ်ရေးအရင်းအမြစ်များက ပြောသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဖလမ်းမြို့နယ်၊ ထင်းရှူးစခန်း၌ တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ ကို CNA၊ CNDF နှင့် CDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း လက်နက် ၉ လက်နှင့်အတူ စစ်ကော်မရှင်တပ်သား ရုပ်အလောင်းအချို့ကို သိမ်းဆည်း ရရှိသည်ဟု ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲနောက်ပိုင်း မြေပြင်အခြေအနေနှင့်ပတ်သက်၍ သူက ယခုကဲ့သို့ ပြောပြသည်။
“ဒီမနက်မှာလည်း နယ်မြေရှင်းလင်းရေး လုပ်နေတုန်း ကျန်ရှိနေတဲ့ စကစတွေနဲ့ တိုက်ပွဲထပ်ဖြစ်တယ်။ စကစက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေရှိသလို ကျနော်တို့ဘက်ကလည်း ဒဏ်ရာရသူတွေရှိပါတယ်။ CDF KKG က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်။”
ထို့အပြင် ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင်လည်း CNDF ၏ လက်ဖြောင့်တပ်သားများက စစ်ကော်မရှင်တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကလည်း ခွန်လီကျေးရွာအနီး တိုက်ပွဲတွင် စစ်ကော်မရှင် တပ်သား ၂ ဦး သေဆုံးကာ ၁ ဦးကို အရှင်ဖမ်းမိခဲ့သည့်အပြင် လက်နက်အချို့ပါ သိမ်းဆည်းရရှိခဲ့သည်။
စစ်ကော်မရှင်တပ်သည် မြေပြင်တွင် အထိနာနေသဖြင့် လေကြောင်းပစ်ကူကို အလွန်အကျွံအသုံးပြုနေပြီး ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဖလမ်းမြို့နယ် အနောက်မြောက်ခြမ်းသို့ Yak-130 ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံး ၃ လုံး ကြဲချခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့တွင်လည်း ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာထက် မနည်းကို အကြိမ်ရေ ၅၀ ကျော်အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
စစ်ကော်မရှင်တပ်သည် ချင်းမြောက်ပိုင်း နယ်မြေများ ပြန်လည်ရရှိရန် စစ်အင်အားထောင်ဂဏန်းဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၄ လခန့် ရှိလာပြီဖြစ်သော်လည်း အထိနာနေသဖြင့် တပ်ဖွဲ့ဝင်များ လက်နက်ချခြင်း နှင့် ထွက်ပြေးခြင်းများ မကြာခဏ ဖြစ်ပွားနေသည်။
လက်ရှိတွင် ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀၀ ခန့်မှ ဒေသခံပြည်သူ ၂ သောင်းကျော်မှာ စစ်ကော်မရှင် တပ်၏ လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကြောင့် ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေးတိမ်း ရှောင်နေကြရသည်။
အခြားတစ်ဖက်တွင်လည်း ဟားခါးမြို့၌ ကျင်းပသည့် စစ်ကော်မရှင်၏ ချင်းအမျိုးသားနေ့ အခမ်းအနားသို့ စစ်ကော်မရှင်အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ရောက်ရှိနေစဉ် (CDF-Hakha) က ဒရုန်းများဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် အခမ်းအနားမှ ချက်ချင်းတိမ်းရှောင်သွားခဲ့ရပြီး၊ စစ်ကော်မရှင်ဘက်ကမူ အဆိုပါ ဒရုန်းများကို လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထား သော်လည်း တိုက်ခိုက်မှုဖြစ်စဉ် ရုပ်သံဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။