အီရန် အပေါ်တိုက်ခိုက်မှုနှင့် အီရန်၏ တုန့်ပြန်မှုများအပေါ် အရှေ့တောင်အာရှ နိုင်ငံများ၏တုန့်ပြန်မှု
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်။
အီရန် အပေါ် အမေရိကန်နှင့် အစ္စရေး နိုင်ငံတို့ ပူးတွဲ တိုက်ခိုက်မှုနှင့် အီရန်၏ ဒေသအတွင်း တုန့်ပြန်မှုတို့အပေါ် အရှေ့တောင်အာရှနိုင်ငံများ၏ တု့န်ပြန်မှုများကို The Diplomat မဂ္ဂဇင်းတွင် ဆောင်းပါးရှင် ဆီဘက်စတီယန် စထရန် ဂီယို Sebastian Strangio က ရေးသား တင်ပြထားသည်။
အဆိုပါ ဆောင်းပါး အနှစ်ချုပ်ကို ပြန်လည် တင်ပြထားပါသည်။
မလေးရှားနိုင်ငံက အီရန် တွင် တိုက်ခိုက်မှုများနှင့် အီရန်၏ ဒေသအတွင်း တန်ပြန်တိုက်ခိုက်မှုများကို ရှုတ်ချလိုက်ပြီး အင်ဒို နီးရှား သမ္မတက အီရန်နှင့် အမေရိကန်။ အစ္စရေးတို့ အကြား ကြားဝင် ညှိနှိုင်းပေးရန် အသင့်ရှိသည်ဟု ပြောကြားလိုက်သည်။ ကျန် အရှေ့တောင် အာရှနိုင်ငံ အများစု အနေဖြင့် တိုက်ခိုက်မှုများအပြီးတွင် သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်နှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် တောင်းဆိုချက်များ ထုတ်ပြန်ခဲ့ကြသည်ဟု ဆိုသည်။
ဒေသတွင်းတွင် အပွင့်လင်းဆုံး တုံ့ပြန်ခဲ့သည့်အစိုးရမှာ မွတ်စလင်အများစုနေထိုင်သော မလေးရှားနိုင်ငံဖြစ်သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်အပေါ် အမေရိကန်-အစ္စရေး၏ တိုက်ခိုက်မှုများအပြင် ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်နှင့် ကာတာနိုင်ငံတို့ရှိ အမေရိကန်အခြေစိုက်စခန်းများကို အီရန်က လက်စားချေဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့မှုကိုပါ ရှုတ်ချခဲ့သည်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် “ဤအရေးကြီးသောအချိန်တွင် ဒေသတွင်းမတည်မငြိမ်ဖြစ်စေပြီး ပိုမိုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်သည့် တင်းမာမှုများ ထပ်မံမမြင့်တက်စေရန် ဘက်အားလုံးက အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရမည်” ဟု ဖော်ပြထားသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကမူ အလီခါမေနီ လုပ်ကြံခံရမှုကို “လုံးဝဥဿုံ” ရှုတ်ချခဲ့ပြီး ဤတိုက်ခိုက်မှုများသည် အရှေ့အလယ်ပိုင်းကို “ကြီးမားသော အန္တရာယ်နှင့် ရေရှည်မတည်ငြိမ်မှု” ဆီသို့ တွန်းပို့လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အီရန်အပေါ် တိုက်ခိုက်မှုများကို ရှုတ်ချသည့် လွှတ်တော်အဆိုတစ်ရပ် တင်သွင်းရန်လည်း ၎င်းက ကတိပြုခဲ့သည်။
“ဇီယွန်ဝါဒီ အစ္စရေးရဲ့ ရက်စက်မှုဟာ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဟာ လူသားချင်းစာနာစိတ် ကင်းမဲ့သွားကြပြီ ဖြစ်လို့ပါ” ဟု မနေ့က အခမ်းအနားတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သက်ဆိုင်သူအားလုံးကို “ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်နှင့် ဆွေးနွေးမှုနှင့် သံတမန်ရေးကို ဦးစားပေးရန်” တိုက်တွန်းသည့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် “နိုင်ငံတိုင်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားရန်နှင့် အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန် အရေးကြီးကြောင်း” ထပ်လောင်းအတည်ပြုခဲ့သည်။
တစ်ချိန်တည်းမှာပင် အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက တီဟီရန်သို့ သွားရောက်ကာ “ကြားဝင်စေ့စပ်ပေးရန်” ဆန္ဒရှိကြောင်း ပြောကြားခဲ့သော်လည်း မည်သည့်ဘက်ကမျှ ၎င်း၏အဆိုပြုချက်အပေါ် တုန့်ပြန်ခြင်း မရှိသေးပေ။
တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ယာယီပြောရေးဆိုခွင့်ရှိသူက ထိုင်းနိုင်ငံ အနေဖြင့် “အခြေအနေကို အလွန်စိုးရိမ်စွာနဲ့ အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု သတင်းထောက်များကို ပြောခဲ့သည်။
အရှေ့အလယ်ပိုင်းက ထိုင်းနိုင်ငံသား ၁၁၀,၀၀၀ ကို သတိပေးထားပြီး သူတို့ကို ရွှေ့ပြောင်းဖို့ “အစီအစဉ်” တစ်ခု “ပြင်ဆင်ထားပြီး” ဖြစ်တယ်လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက သက်ဆိုင်သူအားလုံးကို တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများဆီသို့ “ချက်ချင်း” ဦးတည်ရန် တောင်းဆိုခဲ့သည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က စနေနေ့က သတင်းစာရှင်းလင်းပွဲတွင် သူမ၏အစိုးရသည် “သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် အမြင့်ဆုံးထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်၊ တင်းမာမှုမြင့်တက်စေသောလုပ်ရပ်များအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ အရပ်သားများနှင့် မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံများကို ကာကွယ်ရန်နှင့် နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းနှင့် သက်ဆိုင်ရာကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့်အညီ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ကွဲပြားမှုများကို ဖြေရှင်းရန်” တောင်းဆိုကြောင်း ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက “ညှိနှိုင်းမှုများ မအောင်မြင်ခြင်းနှင့် စစ်ပွဲဖြစ်ပွားခြင်းအတွက် ဝမ်းနည်းကြောင်း” ဖော်ပြခဲ့ပြီး အလားတူပင် “နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်း၏ အခြေခံမူများနှင့်အညီ ငြိမ်းချမ်းသောဖြေရှင်းချက်ရရှိရန် ညှိနှိုင်းမှုများသို့ ပြန်လည်ဝင်ရောက်ရန်” အဖွဲ့အစည်းအားလုံးကို တိုက်တွန်းခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလားတူပင် “သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေဖြင့် အရပ်သားများ၏ အသက်များကို ထိခိုက်စေပြီး ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် နောက်ထပ်တင်းမာမှုများကို ရှောင်ရှားရန် အမြင့်ဆုံးထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန်” တောင်းဆိုခဲ့သည်။