ကော်သူးလေပြည်ကို ပြည်ထောင်စု ယူနစ် တစ်ခု အဖြစ် တည်ထောင်ဖွဲ့စည်းမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်။
ကရင်ဘိုးဘေးတို့၏ မျှော်လင့်ချက်ဖြစ်သလို ကရင်တစ်မျိုးသားလုံး၏ အိပ်မက်လည်းဖြစ်သည့် ‘ကော်သူးလေ ပြည်’ တည်ဆောက်ရေးကို ဖက်ဒရယ် ပြည်ထောင်စုမူဘောင် အတွင်းမှပင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က အတိအလင်း ပြောကြားလိုက်သည်။
အဆိုပါ တည်ဆောက်ရေးသည် ပြည်ထောင်စုမှ ခွဲထွက်ရန်မဟုတ်ဘဲ တိုင်းရင်းသားညီအစ်ကိုများနှင့်အတူ တန်းတူညီမျှစွာ ယှဉ်တွဲနေထိုင်နိုင်မည့် ပြည်နယ်တစ်ခုအဖြစ် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကော်သူးလေ” ဟူသည့် အမည်နာမနှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ကျနော်တို့က ကော်သူးလေပြည်သားတွေဆိုတာက ကျနော်တို့ ဒီဘိုးဘွားတွေကနေ လက်ဆင့်ကမ်းလာတဲ့ အမည်နာမ တစ်ခု အနေနဲ့ ကျနော်တို့ ကရင်တွေ နေထိုင်တဲ့ တိုင်းပြည်နော်။ ဒါပေမယ့် သူ့ရဲ့ မူရင်းအဓိပ္ပာယ်ကတော့ မကောင်းမှု အလုံးစုံကင်းစင်တဲ့ တိုင်းပြည်လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အဲ့ဒီထဲမှာကတော့ ကျနော်တို့ နေထိုင်ကြတာ ဖြစ်တယ်” ဟု ပြောသည်။
KNU အနေဖြင့် ကော်သူးလေပြည် တည်ဆောက်ရေး မူဝါဒကို ၁၉၅၆ ခုနှစ်ကတည်းက စတင်ချမှတ်ခဲ့ခြင်း ဖြစ် ပြီး ယခုလက်ရှိ တော်လှန်ရေးကာလ အကူးအပြောင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေရန်အတွက် ‘ကော်သူးလေချာတာ’ (Kawthoolei Charter) ကို ရေးဆွဲပြဋ္ဌာန်းကာ လက်တွေ့ကျကျ ဆောင်ရွက်နေပြီ ဖြစ် သည်။
ပဒိုစောတောနီးက ဆက်လက်၍ “နှစ်ပေါင်း ခုနှစ်ဆယ်ထဲမှာပဲ ကျနော်တို့ မယိမ်းမယိုင်ပဲ ပြည်ထောင်စု စစ်စစ် ကို တည်ဆောက်မယ်ဆိုတာ ကျနော်တို့ ခံယူချက်ပြင်းပြင်းနဲ့ပဲ ကျနော်တို့ ချီတက်နေပါတယ်။ အဲဒါကြောင့်မို့ လို့ ကျနော်တို့ ပြောနေတဲ့ ကော်သူးလေပြည်က လွတ်လပ်ချုပ်ခြာအာဏာရှိတဲ့ ကျနော်တို့ သီးခြားနိုင်ငံလည်း မဟုတ်ပါဘူး။ ကျနော်တို့ ပြည်ထောင်စုထဲမှာ ပြည်ထောင်စုအဖွဲ့ဝင် ဆက်ရှိမယ်။ ကျနော်တို့ တခြားညီအစ်ကို လက်တွဲပြီးတော့ အင်မတန်ဖွံ့ဖြိုးတိုးတက် ခိုင်မာတဲ့ ပြည်ထောင်စု၊ သာယာဝပြောတဲ့ ပြည်ထောင်စုတစ်ခု တည်ဆောက်နိုင်ဖို့အတွက် ကျနော်တို့ ဆက်ပြီးတော့ ရုန်းကန်နေကြပါတယ်” ဟု ပြောသည်။
ကော်သူးလေပြည်ကို လက်ရှိ KNU ထိန်းချုပ်ထားသည့် တပ်မဟာ ၇ ခု (သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ မြိတ်-ထားဝယ်၊ ဖာပွန်၊ ဒူးပလာယာ နှင့် ဘားအံခရိုင်) အပေါ် အခြေခံကာ တည်ဆောက်သွားရန် ရည်မှန်းထား သည်။
သို့သော် အဆိုပါဒေသများတွင် ကရင်လူမျိုးများသာမက ဗမာ၊ ရှမ်း၊ မွန်၊ ပအိုဝ်း အစရှိသည့် တိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်ကြသည့်အတွက် နယ်မြေအငြင်းပွားမှုများကို ရှောင်ရှားကာ အားလုံးလက်ခံနိုင်သည့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးသွားမည်ဟု ဆိုသည်။
“ကျနော်တို့ ပြည်ထောင်စုကို ဖွဲ့နိုင်ရေးအတွက် ပြည်နယ်အသီးသီးမှာရှိတဲ့ ပြည်နယ်တွေက သူ့မှာသူ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာလည်း ရှိရမယ်လေ။ ဒါပေမယ့် ကျနော်တို့ ဒီလိုမျိုး တော်လှန်ရေးကာလ အကူးအပြောင်း ဖြစ်နေတဲ့ ကာလတွေမှာတော့ ဒီလိုမျိုး တကယ်တိကျခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မသုံးနိုင်သေးတဲ့ အနေအထားမှာ ကော်သူးလေပဋိညာဉ်ဆိုတဲ့ တစ်ခုကိုတော့ ကျနော်တို့ ပြဋ္ဌာန်းပြီးတော့ လုပ်ဆောင်သွားဖို့ ရှိတာပေါ့” ဟု ပဒိုစောတောနီးက အကူးအပြောင်းကာလ အုပ်ချုပ်ရေးယန္တရားနှင့် ပတ်သက်၍ ရှင်းပြသည်။
လက်ရှိမြေပြင်အခြေအနေတွင် စစ်ကောင်စီတပ်များသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ဆုံးရှုံးသွားသော နယ်မြေများ ကို ပြန်လည်ရရှိရန် KNU ထိန်းချုပ်နယ်မြေများအတွင်း အပြင်းအထန် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားလျက်ရှိသည်။
စစ်ရေးတင်းမာမှုများ ကြုံတွေ့နေရသော်လည်း KNU အနေဖြင့် အောက်ခြေမှ အထက်သို့ သွားသည့် (Bottom-up) ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန်အတွက် ကော်သူးလေပြည် ဖော်ဆောင်ရေးကို ဆက်လက်ရုန်းကန် သွားမည်ဟု ပြောသည်။