နတ်ရေကန် ဗျူဟာကုန်းကို စစ်ကော်မရှင် အသည်းအသန် ခုခံနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်။
မကွေးတိုင်းနှင့် ရခိုင်ပြည် အဝင်ပေါက်ရှိ စစ်ဗျူဟာအရ အလွန်အရေးပါသည့် ‘နတ်ရေကန်ဗျူဟာကုန်း’ ကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသဖြင့် စစ်ကော်မရှင်ဘက်က အင်အား အလုံးအရင်းဖြင့် အသည်းအသန် ခုခံနေရကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ဗျူဟာကုန်း၏ နောက်ဆုံးခံစစ်စခန်းဖြစ်သော ‘ကြက်ခြံကုန်း’ ကာကင်းကို AA က သိမ်းပိုက်လိုက်နိုင်ပြီးနောက် ဗျူဟာ၏ အဓိကအချက်အချာဖြစ်သည့် ‘ကမ္ဘာလုံး’ ဟု ခေါ်ဆိုကြသော ရေဒါစခန်းဟောင်းဆီသို့ AA က တိုက် ရိုက်ထိုးစစ် စတင်နေပြီ ဖြစ်သည်။
နတ်ရေကန် ‘ကမ္ဘာလုံး’ ဗျူဟာစခန်းသည် ရခိုင်ရိုးမဘက်မှ မကွေးတိုင်း၊ ပဒါန်းစစ်မျက်နှာသို့ ထိုးဖောက်ဝင် ရောက်မည့် တိုက်စစ်အတွက် အချက်အချာကျသည့်နေရာဖြစ်ပြီး၊ ထိုဗျူဟာကုန်းကို အဓိကကာကွယ်ပေးထား သည့် နောက်ဆုံးကာကင်းစခန်းကို AA က မတ်လ ၃ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
ဤဗျူဟာကုန်း မကျရေးအတွက် စစ်ကော်မရှင်သည် တပ်မ (၅) ခုမှ ထုတ်နုတ်အင်အားများအပြင် လေကြောင်း ပစ်ကူနှင့် အမြောက်တပ်များကိုပါ အသုံးပြုကာ ခုခံနေရသည်။
မြေပြင်စစ်ရေးအခြေအနေနှင့် ပတ်သက်၍ မြေပြင်သတင်းရင်းမြစ်က “အခုကတော့ ရိုးမပေါ်မှာ လက်နက်ကြီး သံတွေက တောက်လျှောက်ပဲ။ စစ်တပ်ကတော့ သူ့ရဲ့ နောက်ဆုံးခံတပ်မို့လို့ လေယာဉ်တွေနဲ့ပါ အသည်းအသန် ပစ်ကူပေးနေတာ။ ကြက်ခြံကုန်းလည်း ကျသွားပြီဆိုတော့ ဗျူဟာကုန်းကြီးက ဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့ အနေအထားပဲ” ဟု ပြောသည်။
စစ်ကော်မရှင်သည် ဗျူဟာကုန်းကို စစ်ကူပေးရန် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်း နှစ်ကြောင်းကို စေလွှတ်ခဲ့ သော်လည်း အမ်း-ပဒါန်း လမ်းဟောင်းတစ်လျှောက်တွင် AA ၏ ကြားဖြတ်ဖြတ်တောက် တိုက်ခိုက်ခြင်းကို ခံနေ ရသည်။
စစ်ရေးလေ့လာသူများကမူ နတ်ရေကန်ဗျူဟာသာ ကျဆုံးသွားပါက မကွေးတိုင်းအတွင်းရှိ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ) များ တိုက်ရိုက်ခြိမ်းခြောက်ခံရမည့်အပြင် ပဲခူးနှင့် ဧရာဝတီတိုင်းဘက်အထိ စစ်ရေးဂယက် ရိုက်ခတ်သွားနိုင်ကြောင်း သုံးသပ်ကြသည်။
AA နှင့် နီးစပ်သည့် ဒေသခံတစ်ဦးကလည်း “လမ်းပိုင်းတွေလည်း ပိတ်ထားတော့ ရိက္ခာတွေလည်း အခက်အခဲ ရှိလာနိုင်တယ်။ စစ်တပ်ကတော့ ဗျူဟာကုန်းကို လေကြောင်းကနေပဲ ပစ္စည်းတွေ ချပေးနေတာ တွေ့ရတယ်။ တိုက်ပွဲကတော့ ပိုပြင်းထန်လာမယ့် ပုံပဲ” ဟု ပြောသည်။
လက်ရှိတွင် AA နှင့် ပူးပေါင်းတပ်များသည် နတ်ရေကန်ဗျူဟာကို ပိတ်ဆို့ရုံတင်မကဘဲ အနီးဝန်းကျင် မြို့နယ် များ၌ပါ စစ်မျက်နှာသစ်များ တစ်ပြိုင်နက်တည်းဖွင့်ကာ ထိုးစစ်ကို အရှိန်မြှင့်တင်နေသဖြင့် ရခိုင်ရိုးမတစ်ကြော တွင် တိုက်ပွဲများ ပြင်းထန်နေသည်။