နိုင်ငံတကာ စစ်သင်္ဘောများစေလွှတ်ရန် သမ္မတ ထရန့် တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား၏ လုံခြုံရေးနှင့် ရေကြောင်းကုန်သွယ်မှု လမ်းကြောင်းများ ဘေးကင်းစေရန်အတွက် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ စစ်သင်္ဘောများ စေလွှတ်ပေးရန် တိုက်တွန်းလိုက်သည်။
ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားတွင် စစ်ပွဲစတင်ချိန်မှစ၍ ကုန်တင်သင်္ဘော ၁၆ စင်းထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး ဖြစ်သည်။
သမ္မတ ထရန့်က အီရန်၏ စစ်အင်အားကို အမေရိကန်က သိသိသာသာ ခြေမှုန်းနိုင်ခဲ့သော်လည်း အီရန်၏ ဒရုန်းနှင့် မိုင်းအန္တရာယ်များ ရှိနေသေးသဖြင့် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အီရန်ဘက်က ရေကြောင်းလမ်းကို ဆက်လက်နှောင့်ယှက်ပါက ခါ့ဂ်ကျွန်းအား ထပ်မံဗုံးကြဲမည်ဟု ခြိမ်းခြောက်ထားသည်။
တိုက်တွန်းချက်အပေါ် တောင်ကိုရီးယားက လေးလေးနက်နက် စဉ်းစားနေကြောင်း တုံ့ပြန် ထားသည်။
ဂျပန်နိုင်ငံကမူ ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများသို့ စစ်သင်္ဘောစေလွှတ်ခွင့်မရှိကြောင်း ငြင်းဆိုခဲ့ပါသည်။
ဗြိတိန်နိုင်ငံအနေဖြင့် မဟာမိတ်များနှင့် ညှိနှိုင်းနေဆဲဖြစ်ပြီး လက်ရှိတွင် မိုင်းရှင်းသင်္ဘောတစ်စီးကိုသာ ပေးပို့ထားသည်။
သမ္မတ ထရန့်က ယခုလကုန်ပိုင်းတွင် ပြုလုပ်မည့် ၎င်း၏ တရုတ်နိုင်ငံ ခရီးစဉ်မတိုင်မီ တရုတ်အစိုးရအနေဖြင့် ရေလက်ကြားလုံခြုံရေးတွင် ပူးပေါင်းပါဝင်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။