ဘန်ကောက်တွင် စာသင်ခန်းအတွင်း ဖုန်းမသုံးရန် တားမြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေး အဖွဲ့ (BMA) က ၎င်းတို့ လက်အောက်ရှိ စာသင်ကျောင်း ၄၀၀ ကျော်တွင် စာသင်ခန်းအတွင်း စမတ်ဖုန်းအသုံးပြုမှုကို ကန့်သတ်မည်ဟု ကြေညာလိုက်သည်။

“Phone Off, Learning On” (ဖုန်းပိတ်ထားပါ၊ ပညာဆက်သင်ပါ) ဟု အမည်ပေးထားသည့် ဤမူဝါဒသည် အာရုံစူးစိုက်မှု အားနည်းနေသည့် မျိုးဆက်သစ်တို့၏ အားနည်းချက်ကို ကုသရန် ရည်ရွယ်ခြင်း ဖြစ်သည် ဟု မြို့တော် အုပ်ချုပ်ရေးက ပြောသည်။  

ဘန်ကောက်မြို့တော်ဝန် ချတ်ချတ် စစ်သီပန့် (Chadchart Sittipunt) ၏ ကြေညာချက်အရ BMA အောက်ရှိ ကျောင်း ၄၃၇ ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းတက်ချိန်အတွင်း ၎င်းတို့၏ ဖုန်းများကို အပ်နှံထားရမည်ဖြစ်ပြီး ဆရာ၊ ဆရာမများက သင်ကြားရေးအတွက် လိုအပ်သည်ဟု ယူဆမှသာ အသုံးပြုခွင့်ရမည် ဖြစ်ပါသည်။

ယူနက်စကို (Unesco) ကဲ့သို့သော အဖွဲ့အစည်းများ၏ လေ့လာမှုများအရ ဒစ်ဂျစ်တယ်နည်းပညာကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုပါက သင်ကြားရေးကို အထောက်အကူပြုသော်လည်း၊ အစီအစဉ်တကျမရှိသော စမတ်ဖုန်းအသုံးပြုမှုများသည် အာရုံစူးစိုက်မှုကို ပျက်ပြားစေကြောင်း ဖော်ပြနေပါသည်။

ဘန်ကောက်၏ မူဝါဒသည် ကျောင်းသားများ ဖုန်းကို သိမ်းထားရုံဖြင့် မလုံလောက်ဘဲ၊ ဆက်သွယ်မှု (Connectivity) နှင့် အာရုံစူးစိုက်မှု (Concentration) အကြား မျှခြေတစ်ခုကို ပြန်လည်ရရှိစေမှသာ အောင်မြင်မည်ဟု ပညာရှင်များက သုံးသပ်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

အာရုံစူးစိုက်မှုများအတွက် ပြိုင်ဆိုင်နေရသည့် ယနေ့ခေတ်တွင် စာသင်ခန်းများသည် စိတ်အာရုံကို လွတ်လပ်စွာ ထားရှိပြီး သင်ယူနိုင်သည့် ဘေးမဲ့နယ်မြေတစ်ခု ဖြစ်နေသင့်ပါသည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံသား ကလေးများ၏ ပညာရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်တစ်ခုလည်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည်။

မြန်မာနိုင်ငံသား ရွေ့ပြောင်း အလုပ်သမားများ၏ သားသမီးများကို အခမဲ့ ပညာပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသူ ထိုင်းမျိုးချစ် အဖွဲ့တစ်ခုက လက်မှတ်ပေါင်း ၈၆,၀၀၀ ကောက်ခံ၍ ထိုင်းပညာရေး ဝန်ကြီးဌာနကို ကန့်ကွက်လွှာ တင်သွင်းထားသည်။

၂၀၂၅ ခုနှစ် ထိုင်းပညာရေး မူဝါဒတွင် ပါရှိသည့် အထောက်အထားမပြည့်စုံသည့် ကလေးငယ်များအား ပညာသင်ကြားခွင့်ပြုခြင်း ဆိုင်ရာ ကိစ္စကို ကန့်ကွက်ထားခြင်း ဖြစ်သည်။