မြန်မာနိုင်ငံဘက် ကူးခဲ့သော နိုင်ငံခြားသား ၇ ဦး အိန္ဒိယ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်။

မြန်မာလက်နက်ကိုင်များကို သင်တန်းပေးရန် ကြိုးပမ်းမှုဖြင့် ယူကရိန်း ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦးကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့များကို စစ်သင်တန်းပေးရန် ကြိုးပမ်းသည်ဟူသော သံသယဖြင့် ယူကရိန်းနိုင်ငံသား ၆ ဦးနှင့် အမေရိကန်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ၇ ဦးကို အိန္ဒိယအမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

၎င်းတို့အား ဒေလီ (Delhi)၊ လတ်ခနောင်း (Lucknow) နှင့် ကိုလ်ကတ္တား (Kolkata) မြို့များတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ မနေ့က တရားရုံးတွင် ၁၁ ရက်ကြာ စစ်ဆေးမေးမြန်းရန် ချုပ်မိန့် (ရမန်) ရယူခဲ့သည်။

ဖမ်းဆီးခံရသူများသည် ခွင့်ပြုချက်မရှိဘဲ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ခြင်း၊ မီဇိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်သင်န်းပေးခြင်းနှင့် ဥရောပတိုက်မှ ဒရုန်း (Drone) အမြောက်အမြားကို အိန္ဒိယမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် သယ်ဆောင်ရန် ကြိုးပမ်းခြင်း စသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံထားရခြင်း ဖြစ်ပါသည်။

ယူကရိန်းအစိုးရက ၎င်းတို့နိုင်ငံသား ၆ ဦး ဖမ်းဆီးခံရမှုကို အတည်ပြုထားပြီး ကောင်စစ်ဝန်ရုံးအနေဖြင့် တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေသော်လည်း၊ ၎င်းတို့နိုင်ငံသားများက တရားမဝင်လုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟူသော ခိုင်လုံသည့် အထောက်အထား မရှိသေးကြောင်း ပြောဆိုထားပါသည်။

နယူးဒေလီရှိ အမေရိကန်သံရုံးကမူ ယင်းဖြစ်စဉ်ကို သိရှိထားသော်လည်း ပုဂ္ဂိုလ်ရေးလုံခြုံမှုဆိုင်ရာ အကြောင်းပြချက်များကြောင့် အသေးစိတ် မှတ်ချက်ပေးရန် ငြင်းဆိုထားပါသည်။

အိန္ဒိယအစိုးရသည် နယ်စပ်ဒေသ မတည်ငြိမ်မှုများကို စိုးရိမ်သဖြင့် လက်ရှိတွင် မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါသည်။