တရုတ်သံတမန်ဆက်ဆံရေး ဂျပန် အဆင့်လျှော့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်။ 

ဂျပန်အစိုးရသည် ၂၀၂၆ ခုနှစ်အတွက် ထုတ်ပြန်မည့် နှစ်ပတ်လည် သံတမန်ရေးရာ အစီရင်ခံစာ (Diplomatic Bluebook) မူကြမ်းတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ် ဖော်ပြသည့် အသုံးအနှုန်းကို အဆင့်လျှော့ချ သတ်မှတ်ရန် စီစဉ်လျက်ရှိသည်။ 

ယခင်က တရုတ်နိုင်ငံကို “အရေးအကြီးဆုံးသော ဆက်ဆံရေးရှိသည့် နိုင်ငံများထဲမှ တစ်ခု” ဟု သုံးနှုန်းခဲ့သော်လည်း ယခုမူကြမ်းတွင် “အရေးပါသော အိမ်နီးချင်းနိုင်ငံ” ဟုသာ ပြောင်းလဲဖော်ပြထားပြီး နှစ်နိုင်ငံဆက်ဆံရေးကို “ဗျူဟာမြောက်၍ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေသော ဆက်ဆံရေး” အဖြစ်သာ ရည်ညွှန်းထားသည်။

ဤကဲ့သို့ အဆင့်လျှော့ချသတ်မှတ်ခြင်းသည် ဝန်ကြီးချုပ် စာနာအီး တာကာအိချီ အစိုးရလက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ဆိုးရွားလာမှုကို တရားဝင် အသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ 

အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ မြေရှားသတ္တု (Rare Earths) တင်ပို့မှု ကန့်သတ်ခြင်း၊ ဂျပန်စစ်ဘက်လေယာဉ်များကို ရေဒါဖြင့် ပစ်မှတ်ထား နှောင့်ယှက်ခြင်းနှင့် ထိုင်ဝမ်အရေး ဖိအားပေးမှု မြင့်တက်လာခြင်းတို့ကို အဓိကအကြောင်းရင်းများအဖြစ် ဖော်ပြထားသည်။

ထိုသို့ ဆက်ဆံရေး တင်းမာနေစဉ်အတွင်း မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် အသက် (၂၃) နှစ်အရွယ်ရှိ ဂျပန်ကြည်းတပ် (GSDF) တပ်ဖွဲ့ဝင်တစ်ဦးသည် တိုကျိုမြို့ရှိ တရုတ်သံရုံးဝင်းအတွင်းသို့ ခြံစည်းရိုးကျော်၍ တရားမဝင် ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ 

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရု ကီဟာရာက တရုတ်နိုင်ငံထံ ဝမ်းနည်းစကား ပြောကြားခဲ့သော်လည်း တရုတ်အစိုးရဘက်က ပြင်းထန်စွာ ကန့်ကွက်ထားသဖြင့် သံတမန်ရေးရာ တင်းမာမှုများ ပိုမိုမြင့်တက်လျက်ရှိသည်။