ထိုင်း ရေနံတင်သင်္ဘော ဟော်မုဇ် ရေလက်ကြားကို ကျော်ဖြတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်။
ထိုင်းနိုင်ငံအခြေစိုက် Bangchak Corporation ပိုင် “BGP 3” ဆီတင်သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားကို မတ်လ ၂၄ ရက်နေ့တွင် ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။
အဆိုပါ ရေလမ်းကြောင်းတွင် မတ်လ ၁၁ ရက်နေ့က ထိုင်းကုန်တင်သင်္ဘော Mayuree Naree တိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦး ပျောက်ဆုံးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သော်လည်း ယခုအခါ သံတမန်ရေးရာ ညှိနှိုင်းမှုများဖြင့် ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ခြင်းဖြစ်သည်။
မနေ့က ဖြတ်သန်းခဲ့သော BGP ၃ သင်္ဘောမှာ မတ်လ ၁၁ ရက်ကတည်းက ကျောက်ချ ရပ်နားထားခဲ့သော သင်္ဘောဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် အီရန်နှင့် အိုမန်အစိုးရတို့နှင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ခဲ့သဖြင့် ယခုကဲ့သို့ အဆင်ပြေချောမွေ့ခဲ့ခြင်းဖြစ်ပြီး အီရန်အစိုးရကလည်း ထိုင်းနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါ ဆီတင်သင်္ဘောသည် အိန္ဒိယသမုဒ္ဒရာအတွင်း ရောက်ရှိနေပြီဖြစ်ပြီး လာမည့် ဧပြီလဆန်းတွင် ထိုင်းနိုင်ငံသို့ ရေနံစိမ်းများ ဘေးကင်းစွာ ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းရသည်။
ထို့ပြင် SCG Chemicals ကုမ္ပဏီပိုင် သင်္ဘောတစ်စင်းလည်း ဟော်မုဇ်ရေလက်ကြားကို ထပ်မံဖြတ်သန်းရန် အစီအစဉ်ရှိသည်ဟု ဆိုသည်။