အမေရိကန်စစ်လေယာဉ်များအား စပိန်လေပိုင်နက်ဖြတ်သန်းခွင့် ပိတ်ပင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်။
စပိန်အစိုးရသည် အီရန်စစ်ပွဲတွင် ပါဝင်ပတ်သက်နေသည့် အမေရိကန်စစ်လေယာဉ်များအတွက် ၎င်းတို့၏ လေပိုင်နက်နှင့် စစ်အခြေစိုက်စခန်းများ အသုံးပြုခွင့်ကို တရားဝင်ပိတ်ပင် တားမြစ်လိုက်သည်။
စပိန်နိုင်ငံရှိ Morón နှင့် Rota စစ်အခြေစိုက်စခန်းများကို အီရန်စစ်ပွဲနှင့် သက်ဆိုင်သည့် မည်သည့်လုပ်ငန်းစဉ်အတွက်မျှ အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။
ဆီဖြည့်လေယာဉ်များအပါအဝင် အမေရိကန်စစ်ဆင်ရေးနှင့် ပတ်သက်သည့် ပျံသန်းမှုအစီအစဉ် အားလုံးကို ပယ်ချခဲ့သဖြင့် ဗြိတိန်မှ ထွက်ခွာလာသော အမေရိကန်ဗုံးကြဲလေယာဉ်များသည် စပိန်လေပိုင်နက်ကို ရှောင်ကွင်း၍ အတ္တလန္တိတ်သမုဒ္ဒရာဘက်မှ ပတ်၍ ပျံသန်းနေရသည်။
စပိန်ဝန်ကြီးချုပ် ပတ်ဒရို ဆန်းချက်ဇ်က ၎င်းတို့နိုင်ငံအနေဖြင့် ဥပဒေမဲ့စစ်ပွဲတွင် ပါဝင်မည်မဟုတ်ကြောင်းနှင့် “စစ်ကို အလိုမရှိ” (No to War) မူဝါဒကို ကိုင်စွဲထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။
စပိန်၏ ကန့်ကွက်မှုအပေါ် အမေရိကန်သမ္မတ ထရမ့်က စပိန်နိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည်။
အီရန်ဘက်ကမူ စပိန်က နိုင်ငံတကာ ဥပဒေကို လိုက်နာမှု ရှိသဖြင့် စပိန်သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုမည်ဟု လမ်းဖွင့်ပေးထားသည်။