ထိုင်းနိုင်ငံတွင် အပူညွှန်းကိန်း ၆၀ ဒီဂရီ အထိ တက်နိုင်ကြောင်း သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်။ 

ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန (DES) သည် ဧပြီလဆန်းပိုင်းအတွင်း အပူညွှန်းကိန်း (Heat Index) သည် အန္တရာယ်ရှိသော အဆင့်ဖြစ်သည့် 60°C အထိ မြင့်တက်လာနိုင်ကြောင်း အများပြည်သူသို့ အသိပေးချက် ထုတ်ပြန်ထားသည်။

အပူညွှန်းကိန်းဆိုသည်မှာ ပတ်ဝန်းကျင်အပူချိန်နှင့် စိုထိုင်းဆ ပေါင်းစပ်မှုကြောင့် လူ့ခန္ဓာကိုယ်မှ အမှန်တကယ် ခံစားရသည့် အပူရှိန် (Real Feel) ကို ဆိုလိုခြင်းဖြစ်ပါသည်။

အန္တရာယ်ရှိသောအုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ အဝလွန်သူများ၊ အပြင်ထွက်အလုပ်လုပ်ရသူများနှင့် အချို့သော ဆေးဝါး (သွေးတိုးကျဆေး၊ ဆီးဆေး) ပုံမှန်သောက်သုံးနေရသူများ အထူးသတိပြုရန် လိုအပ်သည်ဟု သတိပေးထားသည်။ 

ဘေးအန္တရာယ် လျှော့ချရေးအတွက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ ပြင်ပလှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်၊ ရေငတ်သည်အထိ မစောင့်ဘဲ တစ်နေ့လျှင် ရေအနည်းဆုံး ၈ ဖန်ခွက် သောက်သုံးရန်၊ အရက်နှင့် အချိုကဲသော ဆိုဒါ ဖျော်ရည်များကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။ 

ထို့အပြင် လေဝင်လေထွက်ကောင်းသော အဝတ်အစားများ ဝတ်ဆင်ရန်နှင့် အပြင်ထွက်ပါက ထီး၊ ဦးထုပ် အသုံးပြုရန် နှင့် ပြင်ပတွင် အလုပ်လုပ်ရသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး အပူဒဏ်ကြောင့် မူးမော်ခြင်းရှိ၊ မရှိ အပြန်အလှန် စောင့်ကြည့်ကူညီပေးရန် တိုက်တွန်းထားသည်။