ဗီယက်နမ်တွင် ကွန်မြူနစ်ပါတီ အကြီးအကဲအား သမ္မတ အဖြစ်တင်မြှောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက်။
ဗီယက်နမ်နိုင်ငံတွင် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် တိုလမ် (To Lam) အား ငါးနှစ်သက်တမ်းရှိ နိုင်ငံတော်သမ္မတအဖြစ် ကန့်ကွက်သူမရှိ တညီတညွတ်တည်း ရွေးကောက်တင်မြှောက်လိုက်သည်။
ဤရွေးကောက်တင်မြှောက်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အဂတိလိုက်စားမှုစွပ်စွဲချက်များဖြင့် ရာထူးမှနုတ်ထွက်ခဲ့ရသည့် ယခင်သမ္မတဟောင်း ဗိုဗန်သူယောင် (Vo Van Thuong) ၏ နေရာတွင် အစားထိုးလိုက်ခြင်းလည်း ဖြစ်သည်။
ယခုအခါ အသက် ၆၉ နှစ်ရှိပြီဖြစ်သည့် သမ္မတ တိုလမ်သည် ပါတီနှင့် နိုင်ငံတော်အာဏာနှစ်ရပ်လုံးကို ၎င်း၏လက်ဝယ်သို့ စုစည်းလိုက်ခြင်းဖြစ်သည်။
ဤခြေလှမ်းသည် အာဏာကို ခွဲဝေကျင့်သုံးသည့် ဗီယက်နမ်၏ အစဉ်အလာမှ သွေဖည်သွားပြီး အိမ်နီးချင်း တရုတ်နှင့် လာအို နိုင်ငံတို့၏ အာဏာတည်ဆောက်ပုံနှင့် အလားသဏ္ဌာန်တူသွားသည်။
၎င်းအနေဖြင့် အာဏာကို တစ်စုတစ်စည်းတည်း ရရှိသွားခြင်းကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်ဆောင်သွားမည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတသစ် တိုလမ်၏ ရှေ့တွင် တာဝန်ယူခဲ့သူ ဗိုဗန်သူယောင် မှာ ဗီယက်နမ်နိုင်ငံရေးသမိုင်းတွင် သက်တမ်းအတိုဆုံး သမ္မတတစ်ဦး ဖြစ်ခဲ့သည်။
ဗိုဗန်သူယောင်သည် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ရာထူးသက်တမ်း တစ်နှစ်ကျော်ခန့်တွင် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။
၎င်းတာဝန်ယူခဲ့ဖူးသည့် ကွမ်းငိုင် (Quang Ngai) ပြည်နယ်မှ အဂတိလိုက်စားမှု အရှုပ်တော်ပုံများနှင့် ဆက်နွှယ်နေပြီး ကွန်မြူနစ်ပါတီ၏ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခဲ့သည်ဟူသော စွပ်စွဲချက်များကြောင့် ပါတီ၏ ဖိအားပေးမှုဖြင့် ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ယခု သမ္မတသစ်ဖြစ်လာသည့် တိုလမ်သည် ယခင်က ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူစဉ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံချက်များကို အဓိကဦးဆောင်ခဲ့သူ ဖြစ်သည်။ ယခင်သမ္မတ ဗိုဗန်သူယောင် အပါအဝင် ထိပ်သီးခေါင်းဆောင်များ ရာထူးမှနုတ်ထွက်ခဲ့ရသည့် ဖြစ်စဉ်များတွင် တိုလမ်၏ အခန်းကဏ္ဍသည် အဓိကကျခဲ့သည်။
လက်ရှိတွင် သမ္မတ တိုလမ်သည် အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းနှင့် စီးပွားရေးမတည်ငြိမ်မှုများကြားမှ ဗီယက်နမ်၏ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်းကို ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်သည်။
ထို့အပြင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြားရှိ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဟန်ချက်ညီမှုကို ဆက်လက်ထိန်းသိမ်းသွားရန် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြတ်ကျော်ရမည် ဖြစ်သည်။