ကသာမြို့ထဲသို့ ပြန်မဝင်ကြသေးရန် တော်လှန်ရေး တပ်ဖွဲ့များ သတိပေး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကော်မရှင်က ဝါဒဖြန့်နေသော်လည်း တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်၍ မြို့ထဲပြန်မဝင်သေးရန် တော်လှန်ရေးအင်အားစုများ သတိပေးထားသည်။
စစ်ကော်မရှင်ဘက်က ကသာမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်ကာ ဒေသခံပြည်သူများကို မြို့အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိအားပေးနေသော်လည်း မြေပြင်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေဆဲဖြစ်ပြီး တိုက်ပွဲများ အချိန်မရွေး ပြန်လည်ပေါက်ကွဲလာနိုင်သည့် အခြေအနေမျိုးတွင် ရှိနေသည်။
ကသာမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့မှ စတင်ကာ စစ်ကော်မရှင်တပ်များနှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်ဘက်က ဂျက်ဖိုက်တာများ၊ Y-12 လေယာဉ်များ အသုံးပြုကာ တစ်ပတ်ကျော်ကြာ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မတ်လ ၂၀ ရက်နေ့က ရပ်ကွက် (၃) ရှိ လေးထပ်ဘုန်းကြီးကျောင်း ဗုံးကြဲခံရမှုကြောင့် သံဃာတော်များနှင့် စစ်ဘေးရှောင်ပြည်သူ ၈၀ ကျော် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့သည်။
ထိုကဲ့သို့ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် မြို့ကို ပြန်လည် ထိန်းချုပ် နိုင်ပြီဟု စစ်ကော်မရှင်တပ်က ကြေညာခဲ့သော်လည်း မြို့၏ သုံးပုံတစ်ပုံကျော်မှာ မီးလောင်ပျက်စီးနေပြီး စစ်ရေး တင်းမာမှုများမှာ လျော့ပါးသွားခြင်း မရှိသေးပေ။
ကသာတော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “စစ်ကောင်စီဘက်ကတော့ သူတို့က ထိန်းချုပ်လိုက်ပြီ၊ ပြန်လာလို့ ရပြီ ဆိုပြီး ဝါဒဖြန့်နေပေမဲ့ အန္တရာယ် အရမ်းများပါတယ်။ ပြည်သူတွေကို မြို့ထဲမဝင်ကြပါနဲ့ဦးလို့ ကျနော် ပြောချင်ပါတယ်။ ဒါဟာ တိုက်ပွဲက ပြီးသွားတာ မဟုတ်ပါဘူး၊ ဒီတိုက်ပွဲက ပြန်ဖြစ်မှာပါ။ ကျနော်တို့ တော် လှန်ရေးဘက်ကလည်း အရှုံးပေးလို့မရဘူး၊ မနိုင်နိုင်အောင် တိုက်ရမှာပါ။ ဒါဟာ စစ်ရေးအရ ခဏတာ အနည်း ငယ် နောက်ဆုတ်ပေးတဲ့ သဘောပါပဲ၊ အပြီးအပိုင် ထွက်ခွာသွားတာ မဟုတ်ပါဘူး” ဟု မြေပြင်အခြေအနေကို ပြောသည်။
လက်ရှိတွင် တိုက်ပွဲများ ခေတ္တငြိမ်သက်နေသော်လည်း စစ်ကော်မရှင်ဘက်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကို နေ့စဉ်လုပ်ဆောင်နေသဖြင့် အရပ်သားထိခိုက်မှုများ ဆက်ရှိနေဆဲဖြစ်သည်။
ကသာမြို့ရှိ ရပ်ကွက် ၁၁ ခုအနက် မြို့ပေါ်ရပ်ကွက်များထဲက ဆေးရုံ၊ နေအိမ်နှင့် ဘုန်းကြီးကျောင်းများမှာလည်း ဗုံးကြဲမှုကြောင့် ပျက်စီးမှု အများအပြား ရှိနေသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပင် ဆက်လက်၍ “စစ်ကောင်စီဘက်က သူတို့ ပြန်လာလို့ရပြီလို့ ဝါဒဖြန့်သော် လည်း ဒါတွေကို မယုံနဲ့ပေါ့နော်။ တကယ့်မြေပြင်မှာ ဖြစ်နေတဲ့ အတိုင်းအတာတွေက အန္တရာယ် အရမ်းများ ပါတယ်။ ပြန်ဖို့ မလွယ်ပါဘူး။ တချို့လူတွေက ဝါဒမိုင်းတွေ မိနေတယ်၊ အသိပညာတွေ သိလာအောင် ပြောဖို့ ခက်ပါတယ်။ ကျည်ဆံတွေ၊ ဗုံးတွေ ကိုယ့်နား ရောက်လာမှ သိမယ့်လူတွေအတွက်တော့ ပြောရခက်ပါတယ်ဗျ” ဟု သတိပေးပြောဆိုသည်။
တော်လှန်ရေး အင်အားစုများဘက်ကလည်း အလုံးစုံ ဆုတ်ခွာသွားခြင်းမျိုး မဟုတ်ဘဲ တိုက်ပွဲများ ဆက်လက် ဆင်နွှဲရန် ပြင်ဆင်နေကြသဖြင့် ကသာမြို့၏ အခြေအနေမှာ အချိန်မရွေး ပြန်လည်ပေါက်ကွဲလာနိုင်သည့် စစ်ရေး အရ အလွန်စိုးရိမ်ရသော အနေအထားတွင် ရှိနေခြင်း ဖြစ်သည်။
ဓါတ်ပုံ – ပုံဟောင်း (ကသာစစ်ဘေးရှောင် ပြည်သူများ)