၁၇ ဧက ပြာကျစေနိုင်သည့် Cluster ဗုံးတပ် ဒုံးကျည်ကို မြောက်ကိုရီးယား စမ်းသပ်
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက်။
မြောက်ကိုရီးယားနိုင်ငံသည် ခေတ်သစ်စစ်ပွဲများတွင် အသုံးပြုနိုင်သည့် နည်းပညာမြင့် လက်နက်စနစ်သစ်များဖြစ်သော Cluster ဗုံး (ပဒေသာဗုံး) တပ်ဆင်ထားသည့် ဘော်လစတစ်ဒုံးကျည်နှင့် လျှပ်စစ်သံလိုက်လှိုင်းသုံး လက်နက် (Electromagnetic Weapon) တို့ကို ယခုအပတ်အတွင်း စမ်းသပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံအဖွဲ့နှင့် ဒုံးကျည်စီမံခန့်ခွဲရေးဌာနတို့သည် ကာဗွန်ဖိုက်ဘာဗုံး (Carbon-fibre bombs) များနှင့် ရွေ့လျားပစ်ခတ်နိုင်သည့် တာတိုပစ် လေကြောင်းရန်ကာကွယ်ရေး စနစ်များကိုလည်း စမ်းသပ်ခဲ့သည်။
အထူးသဖြင့် Hwasongpho-11 Ka ဟု ခေါ်ဆိုသည့် မြေပြင်မှမြေပြင်ပစ် ဒုံးကျည်တွင် Cluster ဗုံးထိပ်ဖူး တပ်ဆင်ကာ စမ်းသပ်ခဲ့ရာ ၇ ဟက်တာ (၁၇ ဧကခန့်) အကျယ်အဝန်းရှိသည့် ပစ်မှတ်တစ်ခုလုံးကို ပြာကျစေနိုင်ကြောင်း မြောက်ကိုရီးယားဘက်က ဆိုသည်။
လျှပ်စစ်သံလိုက်လှိုင်းသုံး လက်နက်စနစ် (Electromagnetic Weapon) သည် ရန်သူ့ဘက်က အီလက်ထရွန်နစ် ပတ်လမ်းစနစ်များကို ချို့ယွင်းသွားအောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။
ကျွမ်းကျင်သူများ၏ အဆိုအရ ဤလက်နက်သည် တောင်ကိုရီးယား၏ ခေတ်မီ F-35A ကိုယ်ပျောက်တိုက်လေယာဉ်များနှင့် ဖျက်သင်္ဘောများရှိ လျှပ်စစ်စနစ်များကို တုံ့ပြန်မရအောင် လုပ်ဆောင်နိုင်သည့် အလားအလာရှိနေသည်။
ကာဗွန်ဖိုက်ဘာဗုံးများသည်လည်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများကဲ့သို့သော အခြေခံအဆောက်အအုံများကို လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားအောင် ပြုလုပ်နိုင်သည့် စွမ်းရည်ရှိသည်။
ယခုလက်နက်စမ်းသပ်မှုများသည် မြောက်ကိုရီးယားအနေဖြင့် ၎င်း၏ မဟာမိတ်များနှင့် ရန်ဘက်နိုင်ငံများအား စစ်ရေးအင်အား ပြသလိုခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
ကလပ်စတာ ဗုံးများသည် ပင်မဗုံးသီးကြီးထဲတွင် ဗုံးကလေးပေါင်း ရာနှင့် ချီ ပါဝင်ပြီး ကျယ်ပြန့်သော မြေပြင် ပစ်မှတ် တခုလုံးကို ထိမှန်စေခြင်းဖြင့် စစ်သား အရပ်သား မခွဲခြားပဲ ထိခိုက် သေကြေစေနိုင်သောကြောင့် နိုင်ငံတကာတွင် ပိတ်ပင်ထားသည်။
သို့သော်လည်း ကလပ်စတာဗုံး တားမြစ်ပိတ်ပင်ရေး စာချုပ်ကို အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ အစ္စရေး၊ ယူကရိန်း၊ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား တို့က လက်မှတ်ရေးထိုးထားခြင်း မရှိပါ။