အိန္ဒိယ ဒရုန်းကြောင့် ကလေးငယ် တစ်ဦး အပါအဝင် နာဂ ဒေသခံ ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်။  

အိန္ဒိယစစ်တပ်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းသို့ နယ်စပ်ဖြတ်ကျော်ကာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ်ရှိ ခမ္မိုင်လောရီ (ခေါ်) ကာမွေလောရီကျေးရွာရှိ လူနေအိမ်များကို ပစ်မှတ်ထားကာ အိန္ဒိယဗဟိုအစိုးရ၏ အာသံရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အဘိုးဖြစ်သူနှင့် မြေးဖြစ်သူတို့မှာ ထိခိုက်ဒဏ်ရာ များ ရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ရသည်။

ဒေသခံတစ်ဦးက နယ်စပ်ဒေသမှာ နေထိုင်သူတွေအတွက်ကတော့ ဘယ်သူ့ကိုမှ အားကိုးစရာ မရှိတော့ပါဘူး။ အခုလို ဗုံးလာကြဲတာတွေကို ဘယ်အဖွဲ့အစည်းကမှ အကာအကွယ် မပေးနိုင်သလို ဖြစ်နေတယ် ဟု ပြော သည်။

အဆိုပါ ကျေးရွာသည် နယ်စပ်မျဉ်းမှ မြန်မာနိုင်ငံအတွင်းသို့ ၉ ကီလိုမီတာမှ ၁၅ ကီလိုမီတာအထိ အကွာအဝေး တွင် တည်ရှိနေသော်လည်း အိန္ဒိယစစ်တပ်က နယ်စပ်ဖြတ်ကျော် တိုက်ခိုက်လာခြင်းဖြစ်သည်။ 

ထိုလုပ်ရပ်အပေါ် ဒေသခံပြည်သူများက ကန့်ကွက်ခဲ့ကြပြီး အရပ်သားများအား ပစ်မှတ်ထားနေမှုကို ချက်ချင်း ရပ်တန့်ရန်နှင့် တရားမျှတမှုရရှိရန် တောင်းဆိုခဲ့ကြသည်။

အိန္ဒိယစစ်တပ်၏ ယခုကဲ့သို့ ကျေးရွာများအပေါ် တိုက်ခိုက်မှုများကို ကန့်ကွက်ကြောင်းနှင့် ဒေသတည်ငြိမ် အေးချမ်းရေးကိုသာ လိုလားကြောင်း ဒေသခံများက စုပေါင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု Naga News တွင် ဧပြီလ ၇ ရက်နေ့က သတင်းဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုသည် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က ပန်ဆောင်မြို့နယ်စပ်တွင် အိန္ဒိယဘက်က နယ်စပ်ခြံစည်း ရိုး ကာရံ နေမှုကို ဒေသခံများက ကန့်ကွက်ရာမှ နာဂလက်နက်ကိုင်တပ် (NSCN-K YA) နှင့် အိန္ဒိယစစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း၏ နောက်ဆက်တွဲ ကျူးကျော်မှုဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။ 

အိန္ဒိယစစ်တပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလကလည်း လဟယ်မြို့နယ်အတွင်း ဗုံးကြဲခဲ့သဖြင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး၊ ယခု ၂၀၂၆ ခုနှစ်အတွင်း၌လည်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၄ ကြိမ်အထိ ရှိလာခဲ့ပြီ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အိန္ဒိယအနေဖြင့် နိုင်ငံတကာစံနှုန်းနှင့် ကျင့်ဝတ်များကို ကျော်လွန်ကာ မြန်မာနိုင်ငံ ၏ အားနည်းချက်အပေါ် အခွင့်ကောင်းယူ၍ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်နေခြင်းဖြစ်သည်ဟုလည်း ဆိုကြ သည်။

လက်ရှိတွင် အိန္ဒိယစစ်တပ်၏ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြရသည့်အပြင်၊ နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့်လည်း စားဝတ်နေရေး အခက်အခဲများနှင့်ပါ ရင်ဆိုင်နေ ကြရသည်။ 

နန်းယွန်းဒေသခံ နာဂ အမျိုးသားတစ်ဦးကလည်း အခုက နယ်စပ်တစ်လျှောက် လုံးဝပိတ်ထားတော့ ဟိုဘက်ဒီ ဘက် ကူးလူးတာတွေ ရပ်သွားပြီ။ အရင်က လိုအပ်တဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်တွေကို အိန္ဒိယဘက်ကနေ သွင်းနေရတာ၊ အခု ဝယ်လို့မရတော့ဘူးဆိုတော့ ကုန်ဈေးနှုန်းတွေကလည်း နဂိုထက် အများကြီး တက်လာတာ ပေါ့ ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

အထူးသဖြင့် အိန္ဒိယဘက်မှ အဓိကတင်သွင်းနေရသည့် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များ ပြတ်လပ် ခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ခြင်းတို့ကြောင့် ဒေသခံများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် မြစ်ကြီးနားမြို့အထိ သွားရောက်ကာ ကုန်စည်များကို သယ်ယူနေကြရသည်။

အိန္ဒိယအစိုးရက နယ်စပ်တစ်လျှောက် မိုင်ပေါင်း ၁,၀၀၀ ကျော်ကို ခြံစည်းရိုးကာရံရန် စီစဉ်နေခြင်းနှင့် လွတ်လပ် စွာသွားလာခွင့် (FMR) ကို ရပ်ဆိုင်းလိုက်ခြင်းတို့သည် နယ်စပ်နှစ်ဖက်ရှိ နာဂမိသားစုများအကြား လူမှုစီးပွားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုများကိုပါ ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်နေသည်။ 

ယခုကဲ့သို့ နယ်စပ်ဒေသတွင် စစ်ရေးတင်းမာမှုများ ဆက်ရှိနေပါက နာဂဒေသခံများ၏ နေ့စဉ်ဘဝမှာ ပိုမို ကျပ်တည်းလာနိုင်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက သုံးသပ်ထားကြသည်။