အိန္ဒိယ-တောင်ကိုရီးယား နှစ်နိုင်ငံကုန်သွယ်မှု နှစ်ဆ တိုးမြှင့်မည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နှင့် တောင်ကိုရီးယားသမ္မတ လီဂျေမျောင် တို့သည် နယူးဒေလီမြို့၌ တွေ့ဆုံခဲ့ပြီး လက်ရှိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလီယံမှ ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ အထိ နှစ်ဆနီးပါး တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြသည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံစီးပွားရေးနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
သင်္ဘောတည်ဆောက်ရေး၊ ကာကွယ်ရေး၊ AI (ဉာဏ်ရည်တု)၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ အရေးကြီးတွင်းထွက်ပစ္စည်းများနှင့် နျူကလီးယားစွမ်းအင် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်သွားမည် ဖြစ်သည်။
အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်နှင့် ကုန်ကြမ်းပြတ်တောက်မှု အန္တရာယ်ကို ကာကွယ်ရန် တောင်ကိုရီးယားသည် အိန္ဒိယနိုင်ငံမှ နက်ဖ်သာ (Naphtha) ခေါ် ရေနံဓာတ်ပစ္စည်း တင်သွင်းမှုကို တိုးမြှင့်သွားရန် စီစဉ်လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် တောင်ကိုရီးယား၏ နက်ဖ်သာတင်သွင်းမှု စုစုပေါင်း၏ ၈ ရာခိုင်နှုန်းကို အိန္ဒိယက တင်ပို့ခဲ့ခြင်း ဖြစ်ပါသည်။